ကျောင်းသားကို ရိုက်နှက်မှု ရဲဝန်ထမ်းများ တောင်းပန်စေလို
2014.10.15

မြိတ်မြို့နယ်၊ ကလွင်ကျေးရွာဘုန်းတော်ကြီး ကျောင်းဝင်းထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကျောင်းသားတစ်ယောက်ကို ရဲဝန်ထမ်း ၁၂ ယောက်က အင်အားသုံး ဝင်ရောက် ရိုက်နှက်ခဲ့တာကို အရေးယူပေးဖို့နဲ့ ဆရာတော်တွေ ကျေနပ်တဲ့အထိ တောင်းပန်ဖို့ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ တောင်းဆိုထားတယ် လို့ သိရပါတယ်။
ဒီကိစ္စကို သက်ဆိုင်ရာက ထိထိရောက်ရောက် ဖြေရှင်း မပေးဘူးဆိုရင် တရားမျှတမှုရရှိရေးအတွက် မိမိတို့ဆန္ဒပြမှာဖြစ်တယ်လို့ မြိတ်မြို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဝင် ကိုအောင်နိုင်ဦးက RFA ကို ပြောပါတယ်။
"ရဲ ၁၂ ယောက်စလုံးကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးဖို့ တောင်းဆို ထားတယ်၊ နောက်တစ်ချက်က ကျောင်းဝင်းထဲကို ဖိနပ်စီးဝင်ပြီးတော့ အတင်းအဓမ္မ ဝင်ပြီးတော့ရိုက်တာဟာ သာသနာတော်ကို စော်ကားတာရောက်နေတဲ့ အတွက် အဲဒီ့ ဆရာတော်ဘုရားကြီးကို ကျေနပ်တဲ့အထိတောင်းပန်ပေးဖို့ ကျနော်တို့ကတော့ ရဲတပ်ဖွဲ့ကို တောင်းဆိုထား တယ်၊ မလုပ်ပေးရင် ပြည်သူတွေပေါင်းပြီးတော့ ဆန္ဒပြသွားမယ်"
မြို့နယ်ဒု-ရဲတပ်ဖွဲ့မှူး ဦးဝင်းနိုင်ကတော့ ဒီအမှုနဲ့ပတ်သက်ပြီး သူတို့ရဲတပ်ဖွဲ့ကို ဘယ်အဖွဲ့အစည်း၊ ဘယ်လူပုဂ္ဂိုလ်တစုံတယောက်ကမှ လာရောက်အမှုဖွင့်ခြင်း သို့မဟုတ် တောင်းဆိုထားခြင်းမရှိဘူးလို့ ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ နေ့လည်ပိုင်းက မြိတ်မြို့နယ် ကလွင်ကျေးရွာက မဟာရံသီ ဘုန်းကြီးကျောင်းဝင်းအတွင်း စာကျက်နေတဲ့ အဝေးသင်ဥပဒေ တတိယနှစ်ကျောင်းသား မောင်ညီညီစိုးကို ရဲတပ်ဖွဲ့ဝင်တွေ ဝင်ရောက်ရိုက်နက်ခဲ့ရာကနေ အခုလို မကျေနပ်မှုပေါ်ပေါက်လာတာဖြစ်ပါတယ်။