ရာဘာကျည်နဲ့ပစ်ခတ်ဖြိုခွဲမှု ဆန္ဒပြသူ ၂၁ ဦး ဒဏ်ရာရ


2019.02.12
loikaw-crackdown1

လွိုင်ကော်မြို့ ကန္တာဟေဝန်ပန်းခြံရှိ ဗိုလ်ချုပ်ကြေးရုပ် ပြန်လည်ရုပ်သိမ်းရေးအတွက် ဆန္ဒပြတောင်းဆိုသူများကို ၂ဝ၁၉ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - တိုးတက်သောကရင်နီပြည်သူ့အင်အားစု PKPF)

loikaw-crackdown2

၂ဝ၁၉ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ရုပ်သိမ်းရေး ကန့်ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ရာဘာကျည်သုံးပြီး ပစ်ခတ်ဖြိုခွဲသည့်အတွက် ဒဏ်ရာရရှိသူများ။ (ဓာတ်ပုံ - KnIC)

loikaw-crackdown3

၂ဝ၁၉ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ရုပ်သိမ်းရေး ကန့်ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ရာဘာကျည်သုံးပြီး ပစ်ခတ်ဖြိုခွဲသည့်အတွက် ဒဏ်ရာရရှိသူများ။ (ဓာတ်ပုံ - KnIC)

loikaw-crackdown4

၂ဝ၁၉ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ရုပ်သိမ်းရေး ကန့်ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ရာဘာကျည်သုံးပြီး ပစ်ခတ်ဖြိုခွဲသည့်အတွက် ဒဏ်ရာရရှိသူများ။ (ဓာတ်ပုံ - KnIC)

loikaw-crackdown5

၂ဝ၁၉ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ရုပ်သိမ်းရေး ကန့်ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ရာဘာကျည်သုံးပြီး ပစ်ခတ်ဖြိုခွဲသည့်အတွက် ဒဏ်ရာရရှိသူများ။ (ဓာတ်ပုံ - KnIC)

loikaw-crackdown6

၂ဝ၁၉ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ရုပ်သိမ်းရေး ကန့်ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ရာဘာကျည်သုံးပြီး ပစ်ခတ်ဖြိုခွဲသည့်အတွက် ဒဏ်ရာရရှိသူများ။ (ဓာတ်ပုံ - KnIC)

loikaw-crackdown7

၂ဝ၁၉ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က လွိုင်ကော်မြို့တွင် ဗိုလ်ချုပ်ကြေးရုပ် ရုပ်သိမ်းရေး ကန့်ကွက်ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ရာဘာကျည်သုံးပြီး ပစ်ခတ်ဖြိုခွဲပြီးနောက် တွေ့ရသည့်မြင်ကွင်း။ (ဓာတ်ပုံ - KnIC)

ကယားပြည်နယ်၊ လွိုင်ကော်မြို့က ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်တု ပြန်လည်ရုပ်သိမ်းရေးအတွက် ဒီနေ့မနက်က ဆန္ဒပြ တောင်းဆိုတဲ့ဒေသခံတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်တွေနဲ့ ပစ်ခတ်လူစုခွဲခဲ့တာကြောင့် ဆန္ဒပြသူ ၂၁ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သပိတ်ကော်မတီက သတင်းထုတ်ပြန်ပါတယ်။

ဆန္ဒပြသူတွေဟာ ကြေးရုပ်ထားရှိတဲ့ ကန္တာဟေဝန်ပန်းခြံဆီကို လမ်းကြောင်း ၃ ခုနဲ့ ချီတက်ကြရာမှာ နာရီစင် ဘက်ကနေ စတင်ချီတက်တဲ့ တောင်ဘက်လမ်းကြောင်းဟာ ရာဘာကျည်တွေနဲ့ ပစ်ခတ်ဟန့်တားခံရတာလို့ ဒီနေ့ဆန္ဒပြရာမှာပါဝင်သူ ကိုကျော်ထင်အောင် က ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အသက် ၁၉ နှစ်ကနေ ၅၆ နှစ်အထိ ပါဝင်ပြီး မျက်နှာ၊ ဝမ်းဗိုက်၊ လက်မောင်း၊ ကျော၊ ခေါင်း၊ ချက် နဲ့ ခြေထောက်တို့မှာ ထိခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။

ညနေ ၃ နာရီကျော်လောက်မှာ ပြည်နယ်အစိုးရတာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဖို့ သပိတ်ကော်မတီခေါင်းဆောင် ၈ ယောက်နဲ့ မီဒီယာ ၂ ခုက သတင်းထောက် ၂ ယောက် စုစုပေါင်း ၁၀ ယောက် ဝင်ခွင့်ရရှိခဲ့ပါတယ်။

ဒီနေ့ညနေ ၆ နာရီကျော်အချိန်အထိ ညှိနှိုင်းမှုအခြေအနေမှာ ကြေးရုပ်နဲ့ပတ်သက်ပြီး ကန့်ကွက်သူရော၊ ထောက်ခံသူတွေပါ တရားစွဲဆိုခံထားရတာတွေကို အမှုပြန်ရုပ်သိမ်းပေးဖို့ သဘောတူညီချက်ရရှိခဲ့တယ်လို့ ကရင်နီဒေသခံ ကိုကျော်ထင်အောင် က ပြောပါတယ်။

"တရားစွဲဆိုခံထားရတဲ့ အားလုံးပေါင်း ၈၆ ယောက်မှာ ၂ ကြိမ် ၃ ကြိမ် အစွဲခံရတဲ့သူတွေနဲ့ဆိုရင် လူငယ်ပေါင်း ၅၅ ဦးကိုတော့ အမှုရုပ်သိမ်းပေးမယ်၊ သူတို့ထောက်ခံသူထဲမှာကိုလည်း ဥပဒေချိုးဖောက်တဲ့အတွက် ငြိမ်းစုစီ ဥပဒေ ၂၀ နဲ့ တရားစွဲဆိုထားတဲ့ ၅ ဦးကိုလည်း ရုပ်သိမ်းပေးပါဆိုတာမျိုး သူတို့ဘက်ကလည်း ပြန်ညှိတဲ့ အတွက်ကြောင့်မို့လို့ကို နှစ်ဖက်စလုံးရဲ့ တရားစွဲဆိုမှုတွေကတော့ ရုပ်သိမ်းပေးရေးဆိုတဲ့ တောင်းဆိုချက် အောင်မြင်ပါတယ်"

ဒါ့အပြင် ကြေးရုပ်တုဖြစ်မြောက်ရေးကော်မတီနဲ့ ကန့်ကွက်နေတဲ့ သပိတ်ကော်မတီတို့ ၁ လအတွင်း ညှိနှိုင်းကြဖို့၊ ညှိနှိုင်းနေစဉ်ကာလအတွင်း ဆန္ဒပြတာတွေကို ရပ်ဆိုင်းထားဖု့ိ၊ ကြေးရုပ်ထားရှိတဲ့ပန်းခြံကိုလည်း ချိတ်ပိတ်ထားဖို့၊ ကော်မတီ ၂ ခုညှိနှိုင်းနေချိန်မှာ ပြည်နယ်အစိုးရဘက်က ဝင်ရောက်မစွက်ဖက်ဖို့၊ ညှိနှိုင်းပြီး နောက်ဆုံးထွက်လာတဲ့ ဘယ်လိုသဘောတူညီမှုကိုမဆို ပြည်နယ်အစိုးရဘက်က လိုက်လျောပေးဖို့ စတဲ့အချက်တွေကို ဆက်လက်ညှိနှိုင်းနေကြတယ်လို့ သိရပါတယ်။

နောက်ဆုံးမှာ သဘောတူညီမှုရရှိတဲ့အချက်တွေကို နှစ်ဖက်လက်မှတ်ရေးထိုးသွားမှာဖြစ်တယ်လို့ သွားရောက် ညှိနှိုင်းသူတစ်ဦးက ကန္တာဟေဝန်ပန်းခြံရှေ့မှာ စောင့်ဆိုင်းနေတဲ့လူထုကို လာရောက်ပြောကြားခဲ့ပါတယ်။

ဒီနေ့ မနက်ပိုင်း ဆန္ဒပြရာမှာတော့ ကန့်သတ်ထားတဲ့နေရာကို ကျော်ဖြတ်တယ်ဆိုပြီး ရဲတပ်ဖွဲ့ဘက်က ရာဘာကျည်သုံးပြီး ပစ်ခတ်ဟန့်တားတာတွေရှိခဲ့ပါတယ်။

ဒီအကြောင်းကို ဒီနေ့ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ ကရင်နီဒေသခံ ကိုကျော်ထင်အောင် က ပြောပါတယ်။

"ပြည်ထောင်စုနေ့ အခမ်းအနား တက်ဖို့လာတဲ့ ပြည်နယ်သားဌာနေတိုင်းရင်းသားတွေကို ပြည်ထောင်စုနေ့ အခမ်းအနားကိုလည်း ပေးမဝင်ဘူး၊ အဲဒီအတွက် အခမ်းအနားတက်မယ့်သူတွေနဲ့ ကြေးရုပ်ကို ရွှေ့ပြောင်းပေးဖို့ တောင်းဆိုတဲ့သူတွေပေါင်းမိသွားပြီး လက်ရှိအတင်းအဓ္ဓမ စိုက်ထူထားတဲ့ပန်းခြံရှေ့ကို လာရောက်စုဝေးဖို့ လုပ်ကြပါတယ်၊ အဲဒီမှာ လမ်းကြောင်းတစ်ကြောင်းကိုကတော့ မီးသတ်ပိုက်တွေနဲ့ ရေနဲ့ဖြိုခွင်းမှု၊ ရာဘာကျည် အသုံးပြုမှုတွေရှိတယ်၊ တစ်ဦးကတော့ မျက်နှာမှာ ဒဏ်ရာတော်တော်ပြင်းထန်ပါတယ်"

ကိုကျော်ထင်အောင် ဟာ ကြေးရုပ်တုကို ကန့်ကွက်လှုပ်ရှားတဲ့အတွက်ဆိုပြီး မြို့နယ် ရဲတပ်ဖွဲ့က ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ တရားစွဲဆိုခံထားရသူဖြစ်ပါတယ်။

ဒီလိုရာဘာကျည်သုံးပြီး ပစ်ခတ်ဖြိုခွင်းရတဲ့ အခြေအနေအထိ ဖြစ်ရတဲ့အပေါ် လွိုင်ကော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်ကို RFA က ဆက်သွယ်မေးမြန်းရာမှာ အခြေအနေတွေပြီးတဲ့အခါမှ ရဲတပ်ဖွဲ့ဘက်က တရားဝင် ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း၊ လက်ရှိမှာ ပြောပိုင်ခွင့်မရှိသေးကြောင်း ပြန်လည်ဖြေကြားခဲ့ပါတယ်။

အခုလို ပြည်ထောင်စုနေ့မှာ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေနဲ့မတူဘဲ ဒေသခံတွေနဲ့ ပြည်နယ်အစိုးရ တို့အကြား အဆင်မပြေမှုတွေ ဖြစ်ပွားခဲ့ရာမှာ ရဲတပ်ဖွဲ့က ရာဘာကျည်သုံးပြီး ပစ်ခတ်ဟန့်တားခဲ့ရတဲ့အထိ ဖြစ်ပွားခဲ့တဲ့အပေါ် NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းရာမှာ အခုလို ပြန်လည်ဖြေကြားပါတယ်။

"ပဋိပက္ခဖြစ်တိုင်းမှာ ကျနော်တို့ကတော့ ဖြစ်နိုင်သရွေ့ ညှိနှိုင်းတာ ဦးစားပေးစေချင်ပါတယ်၊ ဒါပေမဲ့ ဘာဖြစ်ခဲ့လဲ ဆိုတာလည်း တိတိကျကျသိဖို့တော့ လိုပါတယ်၊ ဗိုလ်ချုပ်ကြေးရုပ်ကို ကန့်ကွက်တဲ့လူအုပ်စုက ဆန္ဒထုတ်ဖော် တယ်၊ အလားတူပဲ ဗိုလ်ချုပ်ကြေးရုပ်ကို ထောက်ခံတဲ့အုပ်စုကလည်း ဆန္ဒထုတ်ဖော်ခဲ့ဖူးပါတယ်၊ အဲတော့ ပြည်သူ့ရဲ့ဆန္ဒကို ဘယ်ဟာကထင်ဟပ်လဲဆိုတာ ကျနော်တို့ကြည့်ရမှာတပိုင်းပါ၊ နောက်တစ်ခါ ဖြစ်ခဲ့တဲ့ ပဋိပက္ခမှာ ဘယ်လုပ်ရပ်တွေလုပ်လို့ အခုလို အင်အားသုံးပြီး ဖြိုခွင်းရတဲ့အထိဖြစ်လည်းဆိုတာလည်း ကျနော်တို့ တိတိကျကျသိဖို့လိုပါတယ်၊ အခုသိသမျှနဲ့တော့ ကျနော်တို့ မှတ်ချက်ပေးလို့ မရပါဘူး"

ဒီနေ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မေးမြန်းဖို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်ဖောင်းရှိုနဲ့ ပြည်နယ်အစိုးရ ဝန်ကြီးတွေကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

ကယားပြည်နယ်မှာ ဗိုလ်ချုပ်ကြေးရုပ်ထားရှိဖို့ကို စတင်စီစဉ်ခဲ့ချိန်တည်းကစပြီး ဒေသခံတွေ ကန့်ကွက်နေတဲ့ကြားက ဒီဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကြေးရုပ်တုဖွင့်ပွဲပြုလုပ်ခဲ့တာကြောင့် ကြေးရုပ်ဖျက်သိမ်းရေးအတွက် အခုလို ပြည်ထောင်စုနေ့မှာ ဒေသခံတွေထောင်နဲ့ချီ ဆန္ဒပြတောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒီနေ့ ဆန္ဒပြသူတွေဟာ လက်ရှိလွိုင်ကော်မှာထားရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို ရုပ်သိမ်းရွှေ့ပြောင်းပေးဖို့၊ ကြေးရုပ် ထားရှိရေးမှာ အဓိကတာဝန်ရှိသူတွေဖြစ်တဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ဦးအယ်ဖောင်းရှိုနဲ့ ပြည်နယ်စီမံ ဘဏ္ဍာဝန်ကြီး ဦးမော်မော်တို့ နုတ်ထွက်ပေးဖို့တို့ကို တောင်းဆိုကြတာဖြစ်ပါတယ်။

ဆန္ဒပြရာမှာ လွိုင်ကော်၊ ဒီမော့ဆို၊ ရှားတော၊ ဖရူဆို၊ ဖားဆောင်း စတဲ့မြို့နယ်တွေက ဒေသခံတွေ၊ အရပ်ဖက် အဖွဲ့အစည်းတွေ စုစုပေါင်း လူအင်အား ၅ထောင်ကျော် ပါဝင်ခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။