လွတ်မြောက်နယ်မြေမှာ ကွယ်လွန်သွားတဲ့ လူငယ်အတွက် မိသားစုဝင်တွေကို ရဲတပ်ဖွဲ့စစ်ဆေး
2021.08.20

မန္တလေးတိုင်း မိတ္ထီလာမြို့ အခြေခံပညာကျောင်းသားများသမဂ္ဂအဖွဲ့က အသက် ၁၅ နှစ်အရွယ် ကိုးတန်း ကျောင်းသား ကိုရိန်မိုးထူးဟာ လွတ်မြောက်နယ်မြေတစ်ခုမှာ ငှက်ဖျားရောဂါနဲ့ သြဂုတ်လ ၁၉ ရက်နေ့က ကယ်လွန်သွားတာနဲ့ ပတ်သက်လို့ မိသားစုက ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကိုခံနေရတယ်လို့ မိတ္ထီလာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂအဖွဲ့က ပြောပါတယ်။
ကိုရိန်မိုးထူးဟာ လွတ်မြောက်မယ်မြေကို ဘယ်လိုရောက်ရှိသွားတယ်ဆိုတာနဲ့ ပတ်သက်လို့ မနေ့က မိသားစုကို လာရောက်စစ်ဆေးခဲ့တာလို့လည်း မိတ္ထီလာမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
“အခုလ ၈ ရက်နေ့နောက်ပိုင်းကမှ လွတ်မြောက်နယ်မြေကို ထွက်သွားတာ။ မနေ့က ငှက်ဖျားနဲ့ ဆုံးသွား တယ်။ အခြေခံပညာကျောင်းက တော်တော်များများလည်း လွတ်မြောက်နယ်မြေမှာ ရောက်နေကြတာ ရှိပါတယ်။ ကိုရိန်မိုးထူး ကိုလည်း ကျောင်းသားထုတစ်ခုလုံးရဲ့ ကျောင်းသားအာဇာနည်အဖြစ် ကဗ္ဗည်း မှတ်တမ်းတင်ပါတယ်။ သူ့မိသားစုကို လာစစ်သွားတာရှိပေမယ့် ဖမ်းသွားတာတော့မရှိပါဘူး”
ကိုရိန်မိုးထူးဟာ မိတ္ထီလာမြို့ဇာတိဖြစ်ပြီး အထက (၁) က ကျောင်းသားတစ်ယောက်ဖြစ်ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲမှာ အသက်မပြည့်သေးတဲ့ ကျောင်းသားလူငယ်အများအပြား ပါဝင်ခဲ့ကြတာ ဖြစ်ပြီး သူတို့ဟာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေကြောင့် လွတ်မြောက်နယ်မြေထဲကို ထွက်ပြေးတိမ်းရှောင် နေကြရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကလည်း Idiots Band ရဲ့ ပင်တိုင်အဆိုတော် အသက် (၃၃) နှစ်အရွယ် ရေမွန်(ခေါ်) တွတ်ပီ ဟာ လွတ်မြောက်နယ်မြေတစ်ခုမှာ အစာအိမ်သွေးကြောပေါက်ကာ ကွယ်လွန်ခဲ့ပါတယ်။