PR စနစ် ကန့်ကွက်ဆန္ဒပြခွင့် ငြင်းပယ်ခံရ
2014.08.09

ရန်ကုန်မြို့မှာ ဒီနေ့ပြုလုပ်မယ့် PR အချိုးကျကိုယ် စားပြု ရွေးကောက်ပွဲစနစ် အလိုမရှိကြောင်း လမ်းလျှောက်ဆန္ဒပွဲကို တိုင်းဒေသကြီးရဲတပ်ဖွဲ့က ခွင့်မပြုတဲ့အတွက် ဆန္ဒပြကြမယ့်သူတွေက မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေးစာတိုက် အနီးကစုရပ်မှာ သတင်းစာရှင်းပွဲပြုလုပ်ခဲ့ပါတယ်။
အခုလို သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့အကြောင်းကို ဆန္ဒပြပွဲကို ဦးဆောင်သူ ဦးဌေးမြင့်က အခုလို ပြောပါတယ်။
"ကျနော်တို့ မနေ့ညနေ ၃ နာရီခွဲမှာ တိုင်းရဲတပ်ဖွဲ့ ကနေပြီးတော့ ကျနော်တို့ကို ခွင့်မပြုတဲ့ အကြောင်းပြန်စာ ရောက်ပါတယ်၊ လျှောက်ထားတဲ့ လမ်းကြောင်းကို အကြောင်းမပြန်ဘဲနဲ့ တာမွေဟစ် တိုင်ကွင်းမှာ လုပ်ဖို့ဆိုတာကိုပဲ ကျနော်တို့ကိုပြော ပါတယ်၊ ကျနော်တို့ကလည်း ဟစ်တိုင်ကွင်းဆိုတာက မူလလျှောက်ထားချက်ထဲမှာ မပါတဲ့အတွက် လက်မခံ ပါဘူး၊ ယာဉ်ကြောရှုပ်ထွေးတာတို့၊ အဖက်ဖက်ကဖြစ်ပေါ်လာနိုင်တဲ့ ပြဿနာတွေကြောင့်မို့ ဒီလမ်းကြောင်းကို ခွင့်မပြုနိုင်တဲ့အကြောင်း သူတို့အကြောင်းပြန်တယ်၊ ခွင့်ပြုချက်မတင်တဲ့ လူတွေကျတော့လည်း ခွင့်ပြုချက်မရဘဲ လုပ်လို့ဆိုပြီး အရေးယူခံရတယ်၊ ကျနော်တို့ ခွင့်ပြုချက်တင်တဲ့အခါကျတော့လည်း အကြောင်းပြချက်မျိုးစုံ နဲ့ ငြင်းပယ်ခံရတဲ့အကြောင်း ရှင်းလင်းပွဲလုပ်ပါတယ်"
မင်္ဂလာတောင်ညွန့်မြို့နယ်နဲ့ ပုဇွန်တောင်မြို့နယ်မှာ လမ်းလျှောက်ဆန္ဒပြခွင့် တောင်းခဲ့တာကို ခွင့်မပြုတဲ့အတွက် ဆန္ဒပြပွဲကို ဖျက်သိမ်းလိုက်တာလို့ ဦးဌေးမြင့်ကပြောပါတယ်။
PR စနစ်မကျင့်သုံးရေး ဟောပြောပွဲကို အခုလ၂ ရက်နေ့က ဗဟန်းမြို့နယ် ဗိုလ်စိန်မှန်ကွင်းမှာပြုလုပ်ခဲ့ပြီး၊ ကန့်ကွက်လမ်းလျှောက်ဆန္ဒပြပွဲကိုလည်း သြဂုတ်လ ၅ ရက်နေ့က ရန်ကုန်မြို့လယ်က ဆူးလေဘုရားအနီး မှာ ပြုလုပ်ခဲ့ပါတယ်။