ချင်းပြည်နယ် ခိုင်ကမ်းမြို့က ကိုးမိုင်ရဲစခန်း တိုက်ခိုက်ခံရ

2021.09.17
ချင်းပြည်နယ် ခိုင်ကမ်းမြို့က ကိုးမိုင်ရဲစခန်း တိုက်ခိုက်ခံရ ကလေး ကိုးမိုင်ရဲစခန်းကို ၂၀၂၁ စက်တင်ဘာ ၁၇ ရက်မနက်က တွေ့ရစဉ်
Photo: CJ

ချင်းပြည်နယ် တီးတိန်မြို့နယ်ထဲက ခိုင်ကမ်းမြို့ ကိုးမိုင်ရဲစခန်းကို စက်တင်ဘာလ ၁၇ ရက် ဒီနေ့ မနက် ၅ နာရီဝန်းကျင်ခန့်မှာ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။
 
မနက် ၅ နာရီဝန်းကျင်လောက်မှာ ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ ခိုင်ကမ်းမြို့မှာနေထိုင်တဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
 
“မနက် ၅ နာရီလောက် ရဲစခန်းနားမှာ သေနတ်သံနဲ့ ဗုံးသံတွေကြားရတယ်၊ ကိုးမိုင်ရဲစခန်းကို တိုက်တယ် လို့ ထင်တယ်၊ အခု ချင်းတောင်ကလာတဲ့ ကားတွေ သောင်တင်နေတယ်၊ သွားလို့မရသေးဘူး” လို့ ခိုင်ကမ်း ဒေသခံက ဆိုပါတယ်။
 
ကိုးမိုင်ရဲစခန်းဟာ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း ကလေးမြို့ရဲ့ နယ်စပ်ဂိတ်ဖြစ်ပြီး အခုလို ပစ်ခတ်မှုတွေ ကြောင့် ချင်းတောင်ဘက်ကနေ ကလေးကိုသွားမယ့် ကားတွေရော ကလေးဘက်ကနေ ချင်းပြည်ဘက် တက်မယ့် ကားတွေရော ပိတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
 
အဲဒီရဲစခန်းဟာ ကလေးမြို့နဲ့ ချင်းပြည်နယ်ဘက်ကို သွားလာနေတဲ့ ကုန်တင်ကားတွေနဲ့ ဆိုင်ကယ်တွေကို အဓိထားပြီး ရှာဖွေစစ်ဆေးတာတွေလုပ်နေသလို ကုန်ကားတွေထံကနေ ငွေကြေးတောင်းယူတာတွေ လုပ်နေတယ်လို့ ကုန်တင်ယာဉ်မောင်းတွေက RFA ကို ပြောပါတယ်။
 
ဒီတိုက်ခိုက်မှုကို ကလေး၊ ကဘော်နဲ့ ဂန့်ဂေါမြို့နယ်တွေက ချင်းကာကွယ်ရေးအဖွဲ့တွေ ပေါင်းထားတဲ့ CDF – KKG အဖွဲ့၊ Civil Defense Militia (CDM) အဖွဲ့နဲ့ PDF (Zoland) အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ငါးဦး သေဆုံးတယ်လို့ CDF – KKG အဖွဲ့က သတင်းထုတ်ပြန်ထားပေမယ့် RFA အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
 
ခိုင်ကမ်းမြို့ ကိုးမိုင်ရဲစခန်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးသလို ထိခိုက်သေဆုံးမှု အခြေအနေကို တိတိကျကျသိရဖို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဆက်သွယ်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။