တန့်ဆည်မှာ ရဲစခန်းတိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က အကျအဆုံးများလို့ PDF ပြော
စစ်ကိုင်းတိုင် တန့်ဆည်မြို့နယ် ကံထူးမရွာက ရဲစခန်းကို ဖေဖော်ဝါရီလ ၉ ရက် မနေ့မနက် အစောပိုင်းက ဒေသခံ PDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက် က အကျအဆုံး များခဲ့တယ်လို့ ဒေသခံ PDF က RFA ကို ပြောပါတယ်။
“ကျနော်တို့ ဝင်တိုက်တာ ရဲကင်းစခန်းအဆင့် မဟုတ်ဘူး။ အင်အား ၆၀ လောက်ရှိတဲ့ ရဲစခန်း အကြီးကြီးပါ။ မနေ့က မနက် ၄ နာရီနဲ့ ၂၅ မိနစ်မှာ ဝင်တိုက်တာ။ ကျနော်တို့ ဘက်က လက်နက်ကြီးတွေပစ်ပြီး စတိုက်တာ။ လက်နက်ကြီး ပစ်ပြီးတာနဲ့ ပတ်ပတ် လည်မှာ နေရာယူပြီးတော့ပစ်တာ။ ရဲလေးယောက် အပါအဝင် ခုနစ်ယောက်လောက်ပဲ အကောင်းကျန်ခဲ့တယ်။ အသေကတော့ ကျနော်တို့ ၄၀ လို့ ခန့်မှန်းတာပေါ့နော်” လို့ တန့်ဆည် PDF ပြောခွင့်ရှိသူက ပြောပါတယ်။
အရင်က တန့်ဆည်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေကို အဝေးကနေ တိုက်ခိုက်တာ၊ ချောင်းမြောင်း တိုက်ခိုက်တာတွေပဲ လုပ်နိုင်ခဲ့ပြီး ဒီတစ်ခါ ပထမဆုံးအကြိမ် အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
တိုက်ပွဲမှာ အကျဆုံးများပြီးနောက် စခန်းပတ်ပတ်လည်လည်မှာ ထောင်ထားတဲ့ မိုင်းတွေ ကို စစ်ကောင်စီတပ်သားတွေက လိုက်ခွဲခဲ့တာကြောင့် PDF တပ်ဘက်က နှစ်ဦး ခြေ ထောက်မှာ မစိုးရိမ်ရတဲ့ ဒဏ်ရာရခဲ့တယ်လို့လည်း ပြောပါတယ်။
ဒီတိုက်ပွဲကို မဟာမိတ် ပူးပေါင်း ၇ ဖွဲ့ဖြစ်တဲ့ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၆၊၇၊၈)၊ မင်းကင်း PDF တပ်ရင်း(၁)၊ TPC–(Taze People Comrades)၊ Myanmar Defense Force – (Taze Tiger)၊ (Phoenix Defence Force )-Taze၊ (Dragon Warrior)-Taze PDF ၊ တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) စတဲ့အဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
တန့်ဆည်မှာ ရဲကင်းစခန်း တိုက်ခိုက်ခံရပြီး စစ်တပ်ဘက်က အကျအဆုံး များတယ်ဆိုတာ နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
တန့်ဆည်မြို့ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် မြို့လုံးကျွတ် ဆန္ဒထွက်ပြခဲ့တဲ့ မြို့ဖြစ်ပါတယ်။