မွန်းတည့်နေဂျာနယ် အယ်ဒီတာ ၅ ဦးကို တရားစွဲဆို


2014.07.15
midday-sun-305 ဇူလိုင်လ ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်အဖုံးကို တွေ့ရစဉ်
Photo: Internet

အပတ်စဉ်ထုတ် မွန်းတည့်နေဂျာနယ်က အယ်ဒီတာအဖွဲ့ဝင် ၅ ဦးကို အများပြည်သူကို အထိတ်တလန့်ဖြစ်စေမှု၊ နိုင်ငံတော်လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေရန် ကြံရွယ်မှုတွေနဲ့ အရေးပေါ်စီမံမှု အက်ဥပဒေပုဒ်မ ၅ (ဃ)/(ည) တို့နဲ့  ရဲသတင်းအထူးတပ်ဖွဲ့က တရားစွဲဆိုထားတယ်လို့ သိရပါတယ်။

သူတို့တွေကို  ပန်းဘဲတန်းမြို့နယ်တရားရုံးမှာ အမှုဖွင့်ထားပြီး လာမယ့်ဇူလိုင် ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ ရမာန်ရယူမှာဖြစ်ကြောင်း ရှေ့နေ ဦးရောဘတ်စန်းအောင်က ပြောပါတယ်။

"သူတို့ကို ၁၉၅ဝ ပြည့်နှစ် အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ (ဃ) နဲ့ ပုဒ်မခွဲ (ည) အရ ရဲသတင်းတပ်ဖွဲ့ကနေပြီးမှ တရားလိုလုပ်ပြီးတော့ စွဲဆိုထားတယ်ဆိုတာကို သိရတယ်၊ သူတို့ထဲမှာ ရမာန်ကို ၄ ယောက်က ၈ ရက်နေ့မှာယူမယ်၊ ၁ ယောက်က ၉ ရက်နေ့မှာယူတော့ ၂၂ ရက်နေ့နဲ့ ၂၃ ရက်နေ့တွေမှာ ရမာန်ဖြစ်တယ်၊ ရမာန်ယူတာကတော့ ပန်းပဲတန်းမြို့နယ် တရားရုံးမှာ ရမာန်ယူတယ်"

အခုစွဲဆိုထားတဲ့ ဥပဒေတွေအရ ပြစ်ဒဏ်ထင်ရှားရင် ထောင်ဒဏ် ၇ နှစ်အထိ ကျခံနိုင်ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။

ဇူလိုင်လ ၇ ရက်နေ့ထုတ်  မွန်းတည့်နေဂျာနယ်မှာ ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှုအဖွဲ့  M.D.C.F အဖွဲ့က ပြည်ထောင်စုအစိုးရကို အယုံအကြည်မရှိကြောင်း ကြေညာချက်ကို ဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး   ဂျာနယ်အယ်ဒီတာအဖွဲ့အပါအဝင် ၅ ဦးကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီသတင်းဟာ ဖတ်ရှုသူတွေကို ထင်ယောင်ထင်မှားဖြစ်စေပြီး နိုင်ငံတော်အစိုးရကို အကြည်ညို ပျက်စေခြင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေခြင်းနဲ့ အများပြည်သူ အကျိုးပျက်စီးမှု ကို ဖြစ်ပေါ်စေနိုင်တယ်လို့ ဇူလိုင်လ ၈ ရက်နေ့ ထုတ် မြန်မာ့အလင်းသတင်းစာမှာ ရေးသားထားပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ရှေ့နေ ဦးရောဘတ်စန်းအောင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။