မြစ်ကြီးနားမြို့နယ် NLD ဥက္ကဋ္ဌ ပုဒ်မ ၁၈ နဲ့ အမှုဖွင့်ခံရ


2014.06.18
constitution-myintkyina-305 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထုဟောပြောပွဲကို ဇွန်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက် City Park Royal စားသောက်ဆိုင် ကျင်းပစဉ်
Photo: Kyaw Myo Min/RFA

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့မှာ ကျင်းပခဲ့တဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲ ဟာ ခွင့်ပြုချက်မရှိဘဲ ကျင်းပခဲ့တာဆိုပြီး မြစ်ကြီးနား မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအက်စ်ကူးမားကို အမှတ် ၂ ရဲစခန်းက တရားမဝင် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ပုဒ်မ ၁၈ နဲ့ အမှုဖွင့် လိုက်ပါတယ်။

အမှုဖွင့်ထားတဲ့အကြောင်းကို မြစ်ကြီးနားမြို့ အမှတ် ၂ ရဲစခန်းမှူး ဦးအေးကျော်က အခုလိုပြောပါ တယ်။

"၂၄ ရက်နေ့က သူတို့ဟောပြောပွဲကို ခွင့်ပြုချက်မရပဲ လုပ်သွားလို့ ဥပဒေနဲ့အညီ အမှုဖွင့်အရေးယူ ဆောင် ရွက်ထားတာရှိပါတယ်၊ ပုဒ်မ ၁၈ နဲ့ပါ"

အဲဒီလို အမှုဖွင့်ခံရတဲ့ မြစ်ကြီးနားမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအက်စ်ကူးမားက သူ့ကို အမှုဖွင့်ထားတဲ့အကြောင်း ရဲစခန်းက တရားဝင် အကြောင်းမကြားသေးဘူးလို့ ပြောပါတယ်။

"ကျနော့်အနေနဲ့ကတော့ တစ်ဘက်က တရားဥပဒေအတိုင်း ဆောင်ရွက်တယ်ဆိုရင် ကျနော်လည်း အဖွဲ့ချုပ်ရဲ့ စည်းမျဉ်းစည်းကမ်းအတိုင်းပဲ ကျနော်ရင်ဆိုင်သွားပါမယ်၊ နောက်တစ်ခုက ဒီလိုကိစ္စမျိုးဟာ အရင်ကလည်း အခုဆောင်ရွက်ခဲ့သလို ကျနော်တို့ အဆင့်ဆင့်ဆောင်ရွက်ခဲ့ပေမဲ့ ဘယ်တုန်းကမှ ဒီပြဿနာမျိုးမရှိခဲ့ဘူး၊ အခုဒီ ၄၃၆ ပြင်ဆင်တဲ့အချိန်မှာက ဒီလိုပုံစံမျိုးဖြစ်လာတာက ကျနော် အံ့သြလည်းအံ့သြမိတယ်၊ တရားမျှတမှုမရှိဘူးလို့ပဲ ယူဆပါတယ်"

ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က မြစ်ကြီးနားမြို့City Park Royal စားသောက်ဆိုင်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲကျင်းပခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဟောပြောပွဲ ကျင်းပဖို့အတွက် ပြည်နယ်၊ မြို့နယ်၊ ခရိုင် ရွေးကောက်ပွဲကော်မရှင် ရုံးခွဲတွေနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနကို အကြောင်းကြားခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။