ရဲတပ်ဖွဲ့ဆင့်ခေါ်ခြင်းကို Eleven CEO နဲ့ အယ်ဒီတာချုပ် လာရောက်ဖို့ ပျက်ကွက်


2016.11.10
eleven-tamwe-police-620.jpg ရန်ကုန်မြို့ တာမွေမြို့နယ် ရဲစခန်းရှေ့မှာ နိုဝင်ဘာလ ၁၀ ရက်နေ့က သတင်းလာရောက်ယူနေတဲ့ မီဒီယာသမားတွေကို တွေ့ရစဉ်
Photo: Htet Arkar/RFA

ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ ဃ နဲ့ အမှုဖွင့်ခံထားရတဲ့ Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ Daily Eleven သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို ဒီကနေ့ မနက် ၁၀ နာရီမှာ တာမွေရဲစခန်း ကိုလာရောက်ဖို့ ရဲတပ်ဖွဲ့က ဆင့်ခေါ်ထားပေမဲ့ ရောက်မလာဘဲ Eleven Media Group ရဲ့ အထွေထွေမန်နေဂျာ ဦးထိန်လင်းသာ မနက်ပိုင်းက ရောက်လာခဲ့ပါတယ်။

Eleven Media Group ဘက်က လာရောက်ဖြေရှင်းရမယ့်အချိန်ကို ရွှေ့ပေးဖို့ ဦးထိန်လင်းက တောင်းဆိုခဲ့ တာကြောင့် ရဲတပ်ဖွဲ့က နေ့လည် ၂ နာရီကို ရွှေ့ပေးခဲ့ပါတယ်။

ဒုတိယရဲမှူးကြီး ဦးမြင့်ထွေးက တိုင်ချက်ဖွင့်ခံထားရတဲ့သူတွေကို ညနေ ၄ နာရီထိစောင့်ပေးမှာဖြစ်ပြီး ရောက် မလာခဲ့ရင်တော့ ရဲလုပ်ငန်းစဉ်အရ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဒီနေ့ နေ့လည်က သတင်းမီဒီယာတွေကို ပြောပါတယ်။

ဒါပေမဲ့ ညနေ ၄ နာရီ ထိုးတဲ့အထိ Eleven Media Group ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ Daily Eleven နေ့စဉ်သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး တို့ကတော့ တာမွေမြို့နယ် ရဲစခန်းကို ရောက်မလာခဲ့ပါဘူး။

လက်ရှိအချိန် (ညနေ ၆ နာရီ)မှာတော့ Eleven Media Group ရဲ့ ရုံးချုပ်ရှေ့မှာ သတင်းမီဒီယာ သမားတွေ စောင့်နေပြီး တစ်စုံတရာ ထူးခြားတာတော့ မရှိသေးဘူးလို့ အဲဒီနေရာကို ရောက်နေတဲ့ RFA သတင်းထောက် ကိုထက်အာကာ က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့ထုတ် Daily Eleven သတင်းစာက ဖော်ပြခဲ့တဲ့ "ရွေးကောက်ပွဲတစ်နှစ်ကြာသော်" ဆိုတဲ့ အယ်ဒီတာ့အာဘော်မှာ မကြာသေးခင်က မူးယစ်ဆေးဝါးမှုနဲ့ ထောင်ကထွက်လာတဲ့ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ယောက်က ဝန်ကြီးချုပ်တစ်ယောက်ကို ဒေါ်လာတစ်သိန်းတန် နာရီ လက်ဆောင်ပေး ခဲ့တယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

အဲဒီ ဖော်ပြချက်နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က Daily Eleven ကို ဝန်ကြီးချုပ်နဲ့ စီးပွားရေး လုပ်ငန်းရှင်ဆိုသူရဲ့ နာမည်ကို ထုတ်ဖော်ပြောဖို့ မေးမြန်းခဲ့ပေမယ့် Eleven ဘက်က ပြန်မဖြေခဲ့ပါဘူး။

အဲဒီနောက်မှာတော့ ဒေါက်တာ သန်းထွဋ်အောင်ရဲ့ Facebook စာမျက်နှာနဲ့ Eleven Media ရဲ့ Facebook မှာ အဲဒီကိစ္စကို ထပ်မံရေးသားလို့ဆိုပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က Eleven ရဲ့ CEO ဒေါက်တာ သန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို တာမွေမြို့နယ် ရဲစခန်းမှာ မနေ့က အမှုဖွင့်လိုက်တာဖြစ်ပါတယ်။

Eleven Media Group အမှုဆောင်အရာရှိချုပ် ဒေါက်တာ သန်းထွဋ်အောင်နဲ့ Daily  Eleven သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုး ကို  ပနံပါတ် ၈၉၃/ ၂၀၁၆ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက တရားလိုလုပ်ပြီး အမှုဖွင့်လိုက်တာပါ။

အဲဒီ အမှုကိုစစ်ဆေးဖို့ တာမွေမြို့နယ် ရဲတပ်ဖွဲ့မှူး၊ စခန်းမှူးနဲ့ ခရိုင်အထူးတပ်ဖွဲ့တို့ကို ပူးပေါင်းစစ်ဆေးဖို့ အမှုစစ်အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။