ရဲဘက် အကျဉ်းစခန်းများ ပိတ်ပစ်ဖို့ အစီအစဉ်မရှိ
2014.10.15

မြန်မာနိုင်ငံတွင်းမှာရှိနေတဲ့ ရဲဘက်အကျဉ်းစခန်းတွေကို ပိတ်ပစ်ဖို့ အစီအစဉ်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောကြား လိုက်ပါတယ်။
မနေ့ကကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေး မှာ မေးခွန်းတွေကိုဖြေကြားရာမှာ ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက အလုပ်ကြမ်းနဲ့ ထောင် ဒဏ်ကျခံနေရတဲ့သူတွေကို ရဲဘက်စခန်းတွေမှာ အလုပ်ကြမ်းလုပ်ခိုင်းတာကို လူမဆန်ဘူးလို့ ဝေဖန်ပြစ် တင်လို့မရနိုင်ကြောင်း၊ အဲဒီစခန်းတွေမှာ သေဆုံး သူတွေ ရှိတယ်ဆိုတာကတော့ ရာသီဥတုဒဏ်၊ အစားအသောက်နဲ့ မတော်တဆ ထိခိုက်မှုတွေကြောင့် ရှိတတ်ကြောင်း ပြောကြားသွားပါတယ်။
ရဲဘက်စခန်းတွေကို မြန်မာပြည်မှာ ၁၉၇၈ ခုနှစ်ကစတင် ဖွင့်လှစ်ခဲ့ပြီး စခန်းပေါင်း ၈၀ ကျော် ရှိခဲ့ပါတယ်။
အဲဒီ အနက်က ၂၀၀၄ ခုနှစ်မှာ အစိုးရက ၃၆ ခုကို ပိတ်ပစ်ခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်နဲ့ ၂၀၀၄ ခုနှစ်အတွင်း အဲဒီစခန်းတွေမှာ အကျဉ်းသားပေါင်း ၄၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ ၂၀၀၄ ခုနှစ်နဲ့ ဒီနှစ်အထိကာလအတွင်း ၁၁ဝဝ သေဆုံးကြတယ်လို့ သိရပါတယ်။