ရှမ်းနဲ့ ကယား ကျောင်းသား သပိတ် အောင်ပန်းမြို့မှာ သတိပေးခံရ
2015.03.07

ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂနဲ့ ကယားပြည်နယ် (ကရင်နီ) ကျောင်းသားသမဂ္ဂတို့ ပူးပေါင်းထားတဲ့ ကျောင်းသားသပိတ်ဟာ အောင် ပန်းမြို့ကို ဒီနေ့ ရောက်ရှိသွားကြပြီး အောင်ပန်းမြို့နယ် ရဲစခန်းမှူးက ပုဒ်မ ၁၈ နဲ့ ငြိစွန်းကြောင်း သူတို့ကို သတိပေးလိုက်ပါတယ်။
အောင်ပန်းမြို့နယ် ရဲစခန်းမှူးက လာရောက်သတိပေး ခဲ့ပေမဲ့ ကျောင်းသားတွေက ခွင့်ပြုချက်တောင်းမှာ မဟုတ်ကြောင်း ပြန်လည်ပြောကြားခဲ့တယ်လို့ ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂက ကိုစိုင်းနောင်ပြည့်က ပြောပါတယ်။
"ကျနော်တို့ အောင်ပန်းရောက်သွားတော့ ပုဒ်မ ၁၈ ရှိတယ် ဘာညာ ငြိတယ်လို့လာပြောပါတယ် ခင်ဗျ၊ ကျနော်တို့လည်း အေးအေးဆေးဆေး ပြန် ရှင်းပြပါတယ်၊ ကျနော်တို့က ဆန္ဒပြနေတာမဟုတ် ဘူး၊ စီတန်းလှည့်လည်တာ မဟုတ်ဘူး၊ ကျနော်တို့က သပိတ်မှောက်တာပါ၊ သပိတ်မှောက်တဲ့ စစ်ကြောင်းတွေအားလုံးမှာလည်း ခွင့်ပြုချက်တင်ရှိခြင်းလည်းမရှိပါဘူး၊ နောက်ပြီး ကျောင်းသားသမိုင်း မှာ ဒီလိုငြိမ်းချမ်းစွာ လှည့်လည်တဲ့အချိန်ပိုင်းမှာ ဘယ်ကျောင်းသားမှ ခွင့်ပြုချက်တင်ရိုး ထုံးစံမရှိပါဘူးလို့ ကျနော်ပြောခဲ့ပါတယ်၊ ကျနော်တို့ တောင်ကြီးအထိ ဆက်လက်ထွက်ခွာဖို့ဆိုတဲ့နေရာမှာ ဟဲဟိုးနဲ့ တောင်ကြီးအကြားမှာ စွမ်းအားရှင်တွေနဲ့ ရဲတပ်ဖွဲ့က အင်အား ၂ဝဝ ကျော်ပိတ်ဆို့ထားပါတယ်၊ ရဲကားအစီး ၃ဝ ကျော်ပိတ်ဆို့ထားပါတယ်ခင်ဗျ၊ သွားမယ်လို့ ကျနော်တို့က အတိအကျပြောလိုက်ရင် ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ လုံခြုံရေးအတွက် အရမ်းစိုးရိမ်ရပါတယ်"
အဲ့ဒီ ကျောင်းသားသပိတ်စစ်ကြောင်းမှာ ကျောင်းသားဦးရေ ၁ဝ ဦး ပါဝင်ပြီး အောင်ပန်းမြို့ လူငယ်ဖွံ့ဖြိုးရေး စာကြည့်တိုက်မှာ ဒီနေ့ ညအိပ်ရပ်နားမှာဖြစ်ပါတယ်။
ကျောင်းသားတွေဟာ လွိုင်ကော်မြို့ကနေ မနေ့က ထွက်ခွာလာခဲ့ကြရာမှာ အလှမ်းဝေးလူပြတ်တဲ့ လမ်းတစ်လျှောက် မော်တော်ယာဉ်နဲ့သွားကြပြီး မိုးဗြဲနဲ့ ဖယ်ခုံမြို့တွေထဲမှာတော့ လမ်းလျှောက်ခဲ့ကြပါတယ်။
အဲ့ဒီ သပိတ်စစ်ကြောင်းက ရှမ်းပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အဖွဲ့ဝင် ကိုဝင်းနိုင်ဦးကို RFA သတင်းထောက် မဝေမာထွန်းက ဆက်သွယ်မေးမြန်းထားပါတယ်။