ငြိမ်းချမ်းရေးအတွက် အားလုံးပါဝင်ဖို့ ဒေါက်တာ တင်မျိုးဝင်း ဖိတ်ခေါ်
2016.08.12

၂၁ ရာစု ပင်လုံညီလာခံဟာ ပြည်ထောင်စု ငြိမ်းချမ်းရေးအတွက် တံခါးစဖွင့်တဲ့သဘောဖြစ်ပြီး အားလုံး အတူတကွ ပူးပေါင်းပါဝင်ကြဖို့ဖိတ်ခေါ်ကြောင်း အကြိုပြင်ဆင်ရေးကော်မတီဥက္ကဌ ဒေါက်တာတင်မျိုးဝင်းက ဒီကနေ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆွေးနွေးရာမှာ ပြောပါတယ်။
ရန်ကုန်မြို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC မှာ ဒုတိယမြောက်နေ့ ဒီနေ့ ပြုလုပ် တဲ့ ၂၁ ရာစု ပင်လုံညီလာခံအတွက် နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ပြန်လည်သုံးသပ်တဲ့ အစည်းအဝေး မှာ ဒေါက်တာ တင်မျိုးဝင်း က ပြောတာဖြစ်ပါတယ်။
ဒီပွဲကို NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ ၈ဖွဲ့၊ အပစ်ရပ်လက်မှတ်မထိုးရသေးတဲ့ UNFC အဖွဲ့ ရဲ့ နိုင်ငံရေးဆိုင်ရာ ညှှိုနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ DPN၊ အထူးဒေသ ၄ မိုင်းလား အဖွဲ့တို့ တက်ရောက် ကြပါတယ်။ ၀ အဖွဲ့က တက်ရောက်ခြင်း မရှိပါဘူး။
ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ အကြိုပြင်ဆင်ရေး ဆပ်ကော်မတီ ၁ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်လာနိုင်ဖို့ NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ ပါဝင်တဲ့ လမ်းကြောင်းအတိုင်းသွားဖို့ လိုတယ်လို့ ပြောပါတယ်။
ဒါ့အပြင် ၀ နဲ့ မိုင်းလားအဖွဲ့တွေကပါ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်မယ်လို့ ပြောထားပြီး UNFC အဖွဲ့ဝင်တွေပါ ညီလာခံ တက်ရောက်ဖို့ အလားအလာကောင်းတယ်လို့ ယူဆကြောင်း UPDJC အဖွဲ့ဝင် ဒေါက်တဆလိုင်းလျန်မှုန်း ဆာခေါင်း က ပြောပါတယ်။
မနက်ဖြန် သြဂုတ်လ ၁၃ ရက်နေ့မှာ ၂၁ ရာစုပင်လုံညီလာခံ အကြိုပြင်ဆင်ရေးကော်မတီနဲ့ နိုင်ငံရေးပါတီများ အစုအဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ သုံးပွင့်ဆိုင်တွေ့ဆုံကြမှာဖြစ်ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲဟာ ပြင်ဆင်ရေး ကော်မတီနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအကြား နိုင်ငံရေးဆွေးနွေးပွဲ မူဘောင် ပြန်လည်သုံးသပ်တဲ့ အစည်းအဝေးပွဲ ဖြစ်ပါတယ်။
RFA သတင်းထောက် ကိုကျော်ထွန်းနိုင် က တင်ပြထားပါတယ်။