မူဘောင်အစည်းအဝေး ရလဒ် UPDJC မှာတင်ပြမယ်


2016.08.13
peace-committee-620.jpg ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ကျင်းပတဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေးကို သြဂုတ်လ ၁၃ ရက်နေ့က တွေ့ရစဉ်
Photo : Aung Thain Kha/RFA

၂၁ ရာစု ပြည်ထောင်စု ငြိမ်းချမ်းရေး ပင်လုံညီလာခံ ကျင်းပပြီးစီးသွားတဲ့နောက်ပိုင်းမှာ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေနဲ့ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲတွေ ဆက်လက်ကျင်းပသွားမယ်လို့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေက ပြောပါတယ်။

ဒီနေ့ ရန်ကုန်မြို့ ရွှေလီလမ်းမှာရှိတဲ့ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန NRPC မှာ ကျင်းပတဲ့ နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည်သုံးသပ်ခြင်း အစည်းအဝေး ကျင်းပအပြီး ဦးလှမောင်ရွှေက ပြောတာဖြစ်ပါတယ်။

"၃ ရက်တာဆွေးနွေးတဲ့ အဓိကရည်ရွယ်ချက်ထဲမှာ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ကျင်းပနိုင်ဖို့ဆိုတာပါပါတယ်၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို လာမယ့် ၅ လ၊ ၆ လအတွင်းမှာ လုပ်ပြီးတော့မှ အဲ့ဒီကလာတဲ့အသံတွေကို သူတို့ရဲ့သဘောထားတွေအားလုံးကို ကျနော်တိုရဲ့ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကိုကြိုးစားဆွေးနွေးသွားမှာပါ"

နိုင်ငံရေးမူဘောင် ဆွေးနွေးပွဲတွေကို တိုင်းနဲ့ ပြည်နယ် အသီးသီးမှာရှိတဲ့ တိုင်းရင်းသားလူမျိုးတွေနဲ့ ဆက်လက်ဆွေးနွေးသွားမယ်လို့လည်း ပြောပါတယ်။

နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်ပြန်လည် သုံးသပ်ခြင်းအစည်း အဝေးကို သြဂုတ်လ ၁၁ ရက်နေ့ကနေ ၁၃ ရက်နေ့ထိ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

၃ ရက်ကြာဆွေးနွေးမှုက ရလာတဲ့ဆွေးနွေးမှုတွေကို ပြည်ထာင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှာ ဆုံးဖြတ်ချက်ရယူသွားမှာ ဖြစ်ပါတယ်။ UPDJC အစည်းအဝေးကို  လာမယ့် သြဂုတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ နေပြည်တော်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

အစည်းအဝေးကို ပင်လုံညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီက ၁၄ ဦး၊ NCA အပစ်ရပ် လက်မှတ် ရေးထိုးထား တဲ့ လက်နက်ကိုင်အဖွဲ့နဲ့ လက်မှတ်မရေးထိုးထားတဲ့အဖွဲ့ ကိုယ်စားလှယ် ၂၆ ဦး၊ တိုင်းရင်းသား ပါတီအဖွဲ့က ကိုယ်စားလှယ် ၁၃ ဦးတက်ရောက်ခဲ့ကြပါတယ်။

RFA သတင်းထောက် ကိုမျိုးဇော်ကို က တြင်ပထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။