အင်းစိန်ထောင်က အကျဉ်းသား ၅၀၀ ကျော် သာယာဝတီထောင် ပြောင်းရွှေ့ခံရ

RFA Burmese
2023.05.17
အင်းစိန်ထောင်က အကျဉ်းသား ၅၀၀ ကျော် သာယာဝတီထောင် ပြောင်းရွှေ့ခံရ ရန်ကုန်မြို့ရှိ အင်စိန်အကျဥ်းထောင်အား ၂၀၂၃ ခုနှစ် မေလ ၃ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

အင်းစိန်ထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ အကျဉ်းသား ၃၃၀ ဦးနဲ့ အကျဉ်းသူ ၂၃၅ ဦး စုစုပေါင်း ၅၆၅ ဦးတို့ကို ပဲခူးတိုင်း သာယာဝတီထောင်ကို မေလ ၉ ရက်က ပြောင်းရွှေ့ခဲ့တယ်လို့ ထောင်နဲ့နီးစပ်သူတရား လွှတ်တော် ရှေ့နေတစ်ဦးက ပြောပါတယ်။

ထောင်ပြောင်းရွှေ့ခံရတဲ့ အကျဉ်းသားတွေထဲ နိုင်ငံရေးအကျဉ်းသားတွေ ပါဝင်ပေမယ့် အရေအတွက် အတိအကျကိုတော့ မသိဘူးလို့ သူက ပြောပါတယ်။

“အဲဒီအထဲမှာ ကျွန်တော်တို့ အမှုသည်တွေလည်း ပါတော့လေ။ နိုင်ငံရေးအကျဉ်းသား အရေအတွက် ဘယ်လောက်ပါတယ်ဆိုတာတော့ မသိဘူးပေါ့နော်။ ၅၀၅ (က) နဲ့ကျတဲ့ ကလေးတွေ ပါသွားတယ်။ ဖောက်ခွဲမှုနဲ့အစွဲခံရတဲ့ ကလေးတွေလည်း ပါသွားတယ်”

အခုလို ထောင်ပြောင်းရွှေ့တာဟာ အကျဉ်းထောင်တွေရဲ့ ပုံမှန်လုပ်ငန်းစဉ်တစ်ခု ဖြစ်တယ်လို့ သူက ပြောပါတယ်။ အင်းစိန်အကျဉ်းထောင်ထဲမှာ အကျဉ်းသားဦးရေ များပြားလာတဲ့အတွက် ထောင်ပြောင်းရွှေ့တာလို့ တရားလွှတ်တော် ရှေ့နေက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်ကတော့ ထောင်အာဏာပိုင်တွေအနေနဲ့ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေကို အသိမပေးဘဲ ထောင်ပြောင်းတာဟာ မဖြစ်သင့်ဘူးလို့ ဝေဖန်ပါတယ်။

အကျဉ်းသားပြောင်းရွှေ့မှုနဲ့ ပတ်သက်လို့ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရခဲ့ပါဘူး။

နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းတွေအရ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ မေလ ၁၆ ရက်အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၂၃၁၇ ဦးရှိပြီး အဲဒီထဲက ၁၈၀၀၅ ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။