သေဒဏ်နဲ့ ထောင်တစ်သက် ကျခံနေရသူတွေကို မိသားစု ထောင်ဝင်စာတွေ့ခွင့်ရ
2023.11.06
နိုဝင်ဘာ ၅ ရက်နေ့ကစလို့ အင်းစိန်ထောင်နဲ့ သာယာ၀တီထောင် အပါအဝင် အကျဉ်းထောင် တချို့မှာ သေဒဏ်နဲ့ ထောင်တစ်သက် ကျခံနေရသူတွေကို မိသားစုဝင်တွေက ထောင်ဝင်စာ လူချင်းတွေ့ခွင့်ရပြီလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
အောက်တိုဘာ ၂၄ ရက်ကစလို့ အကျဉ်းသားတွေနဲ့ မိသားစုဝင်တွေ ထောင်ဝင်စာ လူချင်းတွေ့ဆုံခွင့် ပေးခဲ့ပေမယ့် သေဒဏ်နဲ့ ထောင်ဒဏ်တစ်သက် ကျခံနေရသူတွေ ကတော့ မနေ့ကမှ လူချင်းတွေ့ဆုံခွင့်ရခဲ့တာလို့ အင်းစိန်အကျဉ်းထောင်တွင်း တရားရုံးတွေရဲ့ အမှုလိုက်ရှေ့နေတစ်ဦးက RFA ကိုပြောပါတယ်။
"မနေ့က စတွေ့ခွင့်ရပြီပေါ့နော်။ ကိုဗစ်ကာလကတည်းကဆိုတော့ တချို့ကလည်း မတွေ့ရတာကြာတော့ လူအရမ်းများတယ်။ သေဒဏ်နဲ့ ထောင်တစ်သက်သမားတွေ ကတော့ အခုပုံစံအရဆိုရင် တစ်လတစ်ကြိမ် တွေ့ခွင့်ရမယ့်သဘောရှိတယ်"
အကျဉ်းထောင်ရဲ့ ထောင်ဝင်စာတွေ့ခွင့် သတ်မှတ်ချက်တွေအရ သေဒဏ်နဲ့ ထောင်တစ်သက်ကျခံနေရသူတွေကို လတစ်လရဲ့ ပထမဆုံးပတ်၊ တနင်္ဂနွေနေ့တိုင်း တစ်လတစ်ကြိမ် တွေ့ခွင့်ပြုသွားမယ်လို့ ဆိုပါတယ်။
တခြားအကျဉ်းသားတွေကတော့ တစ်လမှာနှစ်ကြိမ် လူချင်းတွေ့ခွင့်ရမှာဖြစ်ပြီး၊ တရားရင်ဆိုင်ဆဲ အချုပ်သားတွေကတော့ တစ်ပတ်မှာတစ်ကြိမ် လူချင်းတွေ့ဆုံခွင့် ပေးထားတယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေက ပြောပါတယ်။
မနေ့က ထောင်ဝင်စာတွေ့ခွင့်ရခဲ့တဲ့ မိသားစုတွေကိုတော့ RFA က ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ နေ့လယ်ပိုင်းအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိနိုင်ဖို့ အကျဉ်းဦးစီးဌာနပြောရေးဆိုခွင့်ရှိသူ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနိုင်ဝင်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။
အကျဉ်းသားတွေ ထောင်ဝင်စာ လူချင်းတွေ့ဆုံခွင့်ရပြီးနောက်ပိုင်း နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရဖို့ သူ့ရဲ့ရှေ့နေအဖွဲ့က စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီးဌာနကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ တရားဝင်စာနဲ့ တင်ပြ တောင်းဆိုထားပေမယ့် ဒီနေ့ထိ တစ်စုံတရာ အကြောင်းပြန်လာတာ မရှိသေးဘူးလို့ ဆိုပါတယ်။
တောင်ငူအကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုတော့ အောက်တိုဘာလ နောက်ဆုံးအပတ်မှာ ဇနီးဖြစ်သူ ဒေါ်ချိုချိုကိုယ်တိုင် ထောင်ဝင်စာ လူချင်းတွေ့ခွင့်ရခဲ့ကြောင်း မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ နိုဝင်ဘာလ ၃ ရက်နေ့ထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ပတ်သက်သူ နှစ်သောင်းနီးပါး (၁၉၆၅၀) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ရှစ်ထောင်နီးပါး (၇၉၉၆) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။