ကျိုက်မရောထောင်မှာ တစ်ပတ်အတွင်း နိုင်ငံရေးအကျဉ်းသားနှစ်ဦး သေဆုံး
2024.01.16

မွန်ပြည်နယ်၊ ကျိုက်မရောအကျဉ်းထောင်မှာ တစ်ပတ်အတွင်း နိုင်ငံရေးအကျဉ်းသားနှစ်ဦး ဆေးကုသမှုအလုံအလောက်မရလို့ သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ထောင်ဒဏ် ခုနစ်နှစ်ကျခံနေရတဲ့ အသက် ၃၁ နှစ်အရွယ် ကိုပြည့်ဖြိုးအောင်ဟာ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်မှာ သေဆုံးသွားသလို ဇန်နဝါရီလ ၁၂ ရက်ကလည်း အသက် ၄၃ နှစ်အရွယ် ကိုရာရှင် (ခ) ဟာရှင်ဟာ လုံလောက်တဲ့ဆေးကုသခွင့်မရလို့ သေဆုံးခဲ့ပါတယ်။
ကိုပြည့်ဖြိုးအောင်ကတော့ ဗိုက်အောင့်ဝေဒနာခံစားရလို့ ထောင်တွင်းဆရာဝန်က ဆေးတစ်လုံးထိုးပေးပြီးနောက် နာရီပိုင်းအတွင်း သေဆုံးခဲ့တာလို့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
"ထောင်တွေမှာ ရောဂါကို နိုင်အောင်ကုနိုင်တဲ့ ကျွမ်းကျင်တဲ့ဆရာဝန်တွေ လုံလုံလောက်လောက် ရှိမနေဘူး။ ကိုပြည့်ဖြိုးအောင် ခံစားနေရတဲ့ လေထိုးလေအောင့် ဝေဒနာကို သူက ဆေးတစ်လုံးထိုးပြီး ကုပေးလိုက်တယ်။ အဲဒီဆေးကြောင့် ဘေးထွက်ဆိုးကျိုးဖြစ်သွားရတာလို့ သိထားရတယ်။ ပါးစပ်ကအမြှုပ်တွေထွက်ပြီး မေ့သွားရလောက်တဲ့အထိ ဖြစ်သွားတာလေ။ အသက်ကယ်ဆေး နှစ်လုံးက သူ့အသက်ကို မကယ်နိုင်ခဲ့ဘူး"
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် မီးသတ်တပ်ဖွဲ့က CDM ဝန်ထမ်းတစ်ဦးဖြစ်တဲ့ ကိုပြည့်ဖြိုးအောင်ဟာ ကရင်ပြည်နယ်၊ ဘားအံမြို့နယ် သံလွင်တံတားထိပ်မှာ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) နဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက်မှာ ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခံခဲ့ရတာပါ။ ၂၀၂၂ ခုနှစ်၊ မေလ ၂၂ ရက်မှာ ဘားအံထောင် (တောင်ကလေးထောင်) ကနေ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်မရောအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။
ကိုရာရှင် (ခ) ဟာရှင်ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၄၊ ၅၂ (က) တွေနဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပါတယ်။ စစ်ကြောရေးကာလအတွင်း နှိပ်စက်ခံရတာကြောင့် ကျန်းမာရေးထိခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၂ ရက်မှာ သေဆုံးသွားတာလို့ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာနနဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ဒေါက်တာ အောင်မြတ်ကျော်စိန်တို့ကို RFA က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
ကျိုက်မရောအကျဉ်းထောင်မှာ ငါးရက်အတွင်း နိုင်ငံရေးအကျဉ်းသား နှစ်ဦး သေဆုံးခဲ့တာကြောင့် အကျဉ်းသားတွေကို လုံလောက်တဲ့ဆေးကုသမှုပေးဖို့၊ ထောင်ဝင်စာ ပါဆယ်တွေမှာ နိုင်ငံခြားဆေးသွင်းခွင့်ပြုဖို့၊ အရေးကြီးတဲ့လူနာတွေကို အချိန်နဲ့ တစ်ပြေးညီ ပြင်ပဆေးရုံတွေမှာ ကုသခွင့်ပေးဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) က တောင်းဆိုထားပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဇန်နဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၁၉,၉၂၆ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၈၄၇၉ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။