နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အဓိပ္ပာယ် သတ်မှတ်ချက် မူကြမ်းချမှတ်


2013.02.23
political_prisoner_305.jpg လွတ်မြောက်လာသော အကျဉ်းသားများကို စောင့်ကြိုနေကြတဲ့ မိသားစုဝင်များ
Photo: RFA

နိုင်ငံရေး အကျဉ်းသား စိစစ်ရေးကော်မတီရဲ့ ပထမအကြိမ် အစည်းအဝေးကို  ဒီကနေ့ပြုလုပ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသားဆိုတဲ့ အဓိပ္ပာယ်သတ်မှတ်ချက်မူကြမ်းကို ချမှတ်လိုက်ပြီး မြန်မာနိုင်ငံ အကျဉ်းထောင်များမှာ ကျန်ရှိနေတဲ့ နိုင်ငံရေး အကျဉ်းသားများကို စိစစ်ရေးလုပ်ငန်းတွေကို ဆက်ပြီးလုပ်ဆောင်သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ရန်ကုန်မြို့ ငြိမ်းချမ်းရေးစင်တာမှာ   ဒီကနေ့ မနက်ပိုင်းကပြုလုပ်တဲ့ ပထမဆုံးအကြိမ် အစည်းအဝေးမှာ ရှေ့ဆက်ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေကို ကော်မတီဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းက ရှင်းလင်းပြောကြားသွားပါတယ်။ အခုပြုလုပ်တဲ့ အစည်းအဝေးမှာ နိုင်ငံရေး အကျဉ်းသာ းသတ်မှတ်ရေးအတွက် အဓိပ္ပာယ်မူကြမ်း ချမှတ်လိုက်တယ်လို့ အစည်းအဝေးတက်ရောက်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့က ကိုရဲအောင်က ပြောပါတယ်။

“အဓိပ္ပာယ် သတ်မှတ်ချက်ကိုတော့ ကျနော်တို့ ဒီအစည်းအဝေးလေးမှာကတော့ အကြမ်းဖျင်းလေးတော့ ချလိုက်ပါတယ်၊ အဲအပေါ်မှာ မူတည်ပြီးတော့ နိုင်ငံရေးအကျဉ်းသားကို စိစစ်ကြမယ်လို့ ကျနော်တို့ ပြောဖြစ်ပါတယ်ခင်ဗျ၊ အဲဒီ့ မူအကြမ်းလေးတွေပဲ ချထားတာပါ၊  အဲဒီ့ မူအကြမ်းလေးအနေနဲ့ကတော့ နိုင်ငံရေးနဲ့ဆက်စပ်ပြီး ပြစ်ဒဏ်ကျခံနေရတဲ့ လူတွေကို နိုင်ငံရေး အကျဉ်းသားလို့ သတ်မှတ်တာပေါ့နော်၊ ဒီနေ့အစည်းအဝေးက အစပြုတဲ့အစည်းအဝေး ဖြစ်တဲ့အတွက်ကြောင့် အကြမ်းဖျင်းလေးပဲ သတ်မှတ်သေးတာပါ၊ နိုင်ငံရေးနဲ့ ဆက်စပ်တော့ အဓိပ္ပာယ်ကတော့ ကျယ်ဝန်းတာပေါ့ဗျာ”

ကော်မတီအနေနဲ့ နိုင်ငံရေး အကျဉ်းသားများ စိစစ်ဖေါ်ထုတ်ရေးလုပ်ငန်းကို အဓိကဆောင်ရွက်ရန်ဖြစ်ပြီး ရရှိတဲ့စာရင်းတွေကို နိုင်ငံတော်သမ္မတထံ တင်ပြမယ်လို့ သိရပါတယ်။ ကော်မတီရဲ့ ဒုတိယအကြိမ် အစည်းအဝေးကို လာမယ့်မတ်လ ၁၆ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီကနေ့အစည်းအဝေးကို ကော်မတီဥက္ကဌ သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်း၊ ကော်မတီအတွင်းရေးမှူး သမ္မတရုံး ဒုဝန်ကြီး ဦးအောင်သိန်းနဲ့အတူ ကော်မတီဝင် ၁၅ဦးတက်ရောက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။