နိုင်ငံရေးအကျဉ်းသား အဓိပ္ပာယ်ဖွင့်ဆိုချက် လွှတ်တော်တင်မည်
2014.08.18

ရန်ကုန်မြို့မှာ နှစ်ရက်ကြာကျင်းပခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား အနက်အဓိပ္ပာယ်ဖွင့်ဆိုချက် အလုပ်ရုံဆွေးနွေးပွဲကနေ သတ်မှတ်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသား အနက်အဓိပ္ပာယ်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မရမ်းကုန်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်မေဝင်းမြင့်က ပြည်သူ့လွှတ်တော်မှာ တင်သွင်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ် ဓမ္မပီယ ဘုန်းကြီးကျောင်းမှာ မနေ့ကစပြီးကျင်းပခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား အနက်အဓိပ္ပါယ်ဖွင့်ဆိုချက် အလုပ် ရုံဆွေးနွေးပွဲကနေ သတ်မှတ်လိုက်တဲ့ အနက်အဓိပ္ပာယ် ဖွင့်ဆိုချက်ကို အစိုးရက အသိအမှတ်ပြုပေးဖို့ လိုအပ်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က ပြောပါတယ်။
"တကယ်လို့ လွှတ်တော်ကနေ အတည်ပြုတယ်ဆိုလို့ရှိရင် ဒါက အစိုးရအနေနဲ့ အသိအမှတ်ပြုရမှာ၊ အဲ့အချိန်ကျလို့ရှိရင် နိုင်ငံရေးအကျဉ်းသားရှိတယ်ဆိုတာ တရားဝင်ဖြစ်လာဖို့ ရှိနိုင်ပါတယ်၊ အဲ့လိုရှိလာပြီဆိုရင် နိုင်ငံရေးအကျဉ်းသားရှိနေတဲ့ အချိန်မှာတင်မဟုတ်ဘူး၊ သူတို့ထောင်ထဲမှာ ရှိတဲ့အချိန်ကျရင်လည်း နိုင်ငံရေး အကျဉ်းသားတွေကို အဆင့်အတန်းတစ်ခုအနေနဲ့ထားဖို့၊ ပြန်လွတ်လာရင်လည်း ဒီနိုင်ငံရေး အကျဉ်းသားတွေ ကို ပြုစုပျိုးထောင်ရေးနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်နိုင်ဖို့ ဒါမျိုးတွေကို အဓိကထားပါတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ ခေတ်အဆက်ဆက် နိုင်ငံရေးအကျဉ်းသားတွေက အစိုးရရဲ့ တာဝန်ယူမှု တစ်ခုမှမရှိခဲ့ပါဘူး၊ ဒီလူတွေ ဟာ ထောင်ထဲမှာ နှိပ်စက်ညှင်းပန်းခံနေရတယ်၊ စစ်ကြောရေးမှာ နှိပ်စက်ညှင်းပန်းခံနေရတယ်၊ ထောင်ကပြန် ထွက်လာတဲ့အခါကျရင် အစိုးရက ဘာတာဝန်ယူမှုမရှိဘူး၊ အစိုးရအနေနဲ့ ပိုပြီးတော့ တာဝန်ယူမှုရှိလာအောင် ကျနော်တို့က ပိုပြီးတော့ တိုက်တွန်းသွားမှာပါ "
ဒီနေ့ ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေး အကျဉ်းသားအနက် အဓိပ္ပါယ်ဖွင့်ဆိုချက်မှာ မည်သူမဆို၊ မည်သည့် အကြောင်းကြောင့်ဖြစ်စေ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု၊ လူ့အခွင့်အရေးနဲ့ နိုင်ငံသား အခွင့်အရေးတွေအတွက် လှုပ်ရှားဆောင်ရွက်ခြင်း၊ အားပေးကူညီခြင်း၊ ပူးပေါင်းကြံစည်ပါဝင်ခြင်း၊ ဆက်စပ်ပတ်သက်ခြင်းတွေကြောင့် ပြစ်မှုကြောင်းအရဖြစ်စေ၊ တရားမကြောင်းအရဖြစ်စေ၊ ဖမ်းဆီး၊ ထိန်းသိမ်း၊ ပြစ်ဒါဏ်ချမှတ်ခံရသူအားလုံးကို နိုင်ငံရေးအကျဉ်းသားအဖြစ် သတ်မှတ်ကြောင်း ဖော်ပြပါရှိပါတယ်။
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရဖြစ်စေ၊ ဥပဒေတစ်ရပ်ရပ်အရဖြစ်စေ၊ ဖွဲ့စည်းပေါ်ပေါက်လာတဲ့ မဏ္ဍိုင် (၃) ရပ်နဲ့ ပြည်ထောင်စုအဖွဲ့ဝင် လုပ်ငန်းအဖွဲ့တွေရဲ့ ရပ်တည်ချက်၊ ဆောင်ရွက်ချက်တွေအပေါ် တစ်ဦးချင်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ၊ ကန့်ကွက်တာ၊ ဟောပြောတာ၊ ရေးသားပုံနှိပ် ထုတ်ဝေဖြန့်ချီတာ၊ ဆန္ဒဖော်ထုတ်တာတွေကြောင့် ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ကြောင်းပါရှိပါတယ်။
နှစ်ရက်ကြာကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပြည်တွင်းပြည်ပ ပညာရှင်တွေ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေ၊ ဥပဒေပညာရှင်တွေ တက်ရောက်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။