အင်းစိန်ထောင်မှာ အကျဉ်းသားတွေဆီကနေ ငွေကြေးကောက်ခံနေကြောင်း PPNM ထုတ်ပြန်
2024.07.07
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်က အင်းစိန်ဗဟိုအကျဉ်းထောင်မှာ ထောင်သားတွေဆီကနေ တရားမဝင်ငွေကြေး ကောက်ခံမှုရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဇူလိုင်လ ၆ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ထောင်အတွင်း နံရံဆေးသုတ်ဖို့၊ စတိုခန်းပြင်ဆင်ဖို့ စတဲ့ခေါင်းစဉ်အမျိုးမျိုးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျည်းသားတွေဆီကနေ တစ်ဦးကို တစ်လခြောက်သောင်းခန့် ငွေကြေးကောက်ခံနေတာလို့ ဆိုပါတယ်။
ထောင်ပြင်ဆင်စရိတ်အတွက် အကျဉ်းသားတွေဆီကနေ ငွေကြေးကောက်ခံခွင့် မရှိဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက RFA ကို ပြောပါတယ်။
“အကျဉ်းသားတွေက ငွေကြေးတောင်းခံပြီး ထောင်ကိုပြင်ဆင်ရတယ်ဆိုတာ အဓိပ္ပါယ်မရှိတဲ့ ကိစ္စဖြစ်ပါတယ်။ ထောင်အတွက်ကို နိုင်ငံတော်အစိုးရက အကျဉ်းဦးစီးဌာနကို ဘတ်ဂျတ်ချပေးတာရှိတယ်။ ဒါကို အကျဉ်းဦးစီးဌာနက တာဝန်ယူရမဲ့ ကိစ္စဖြစ်တယ်။ အကျဉ်းသားတွေဆီက ငွေကြေးကောက်ခံတယ်ဆိုတာက လက်ရှိမှာ ကိုယ့်စရိတ်နဲ့ကိုယ် ထောင်ကျခံနေရသလို ဖြစ်နေတယ်”
ငွေမပေးနိုင်တဲ့ အကျဉ်းသားတွေကို အခန်းသူကြီး (ခ) တန်းစီးတွေက အမျိုးမျိုးဖိနှိပ်တာတွေလုပ်ဖို့လည်း ထောင်အာဏာပိုင်တွေဘက်က ခွင့်ပြုထားတယ်လို့ ကိုသိုက်ထွန်းဦးက ဆိုပါတယ်။
သပြေဆောင် အဆောင်မှူး ဖြိုးဇော်ဟိန်း၊ ဒုတိယတပ်ကြပ် အောင်ကျော်ဌေး (ခ) ပါးပေါက်နဲ့ လူသတ်မှုနဲ့ ထောင်ကျနေတဲ့ တန်းစီးချုပ် ကုလားပြားတို့က ဦးဆောင်ပြီး ငွေကြေးကောက်ခံနေတယ်လို့ (PPNM) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အင်းစိန်ထောင်အပြင် အခြားထောင်တွေမှာလည်း အခုလို တရားမဝင် ငွေကြေးကောက်ခံတာတွေရှိနေပြီး ၂၀၂၄ ခုနှစ်အတွင်းမှာ ပိုဆိုးရွားလာတယ်လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို ဒီအပေါ် တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန တာဝန်ရှိသူတွေကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။