ကျိုက်မရော အကျဥ်းထောင်မှာ နိုင်ငံရေး အကျဥ်းသားတစ်ဦး သေဆုံး
2024.01.15

မွန်ပြည်နယ်၊ ကျိုက်မရော အကျဥ်းထောင်က နိုင်ငံရေး အကျဥ်းသား ကိုရာရှင် (ခ) ဟာရှင်ဟာ လုံလောက်တဲ့ ဆေးကုသမှုမရလို့ သေဆုံးသွားတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဥ်းသားများ ကွန်ရက် (PPNM) တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
အသက် ၄၃ နှစ်အရွယ် ကိုရာရှင် (ခ) ဟာရှင်ဟာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၄၊ ၅၂ (က) တွေနဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလ၂၈ ရက်မှာ ထောင်ဒဏ်တစ်သက် ချမှတ်ခံခဲ့ရပါတယ်။
စစ်ကြောရေး ကာလအတွင်း နှိပ်စက်ခံရတာကြောင့် ကျန်းမာရေး ထိခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၂ ရက်မှာ သေဆုံးသွားတာလို့ ကိုသိုက်ထွန်းဦးက RFA ကိုပြောပါတယ်။
“၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလလောက်ကတည်းက အတွင်းကြေ ဒဏ်ရာတွေနဲ့ သူ့ရဲ့ ကျန်းမာရေးက ဆိုးဆိုးရွားရွား ဖြစ်ခဲ့တာပါ၊ ရင်ဘတ်တွေ ကျောတွေ အောင့်တဲ့ ဝေဒနာက အပြင်မှာ ဒဏ်ရာမပေါ်ဘဲ ခံစားနေခဲ့ရတာလေ။ ထောင်တွင်း ဆေးရုံမှာလည်း မကြာမကြာ ပြခဲ့ရပေမယ့် လုံလောက်တဲ့ ဆေးကုသမှု မရခဲ့ဘူး။ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေကျမှ ဇန်နဝါရီလ ၁၁ နေ့မှာ ထောင်ပြင်ပ ဆေးရုံကို ပို့ပေးခဲ့တာ။ ဒါပေမဲ့ ဆေးရုံပို့တာ နောက်ကျတဲ့အတွက် ၁၂ ရက်နေ့ မနက်စောစောကြီးမှာ ကျဆုံးသွားခဲ့ရပါတယ်”
ကိုရာရှင် သေဆုံးမှုနဲ့ပတ်သက်လို့ အကျဥ်းထောင် တာဝန်ရှိသူတွေက ကိုရာရှင်ရဲ့ မိသားစုဝင်တွေဆီ ဆက်သွယ်ပြောဆိုတာ မရှိသေးဘူးလို့ ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီ အကျဥ်းဦးစီးဌာနနဲ့ မွန်ပြည်နယ် ပြောခွင့်ရသူ ဒေါက်တာ အောင်မြတ်ကျော်စိန်တို့ကို RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေး အကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဇန်နဝါရီလ ၁၅ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းမှုကို ဆန့်ကျင်သူ ၁၉,၉၂၆ ဦး ဖမ်းဆီးခံထားရပြီး အဲဒီထဲက ၈၄၇၉ ဦးက ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။