ရွှေဝါရောင်ဆရာတော် ဦးပညာဇောတကို အင်းစိန်ထောင်မှာ ရုံးထုတ်
2024.12.13

အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း ဆရာတော် ဦးပညာဇောတကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ အင်းစိန်ထောင်တွင်း တရားရုံးမှာ ရုံးထုတ်ခဲ့ပေမဲ့ ထူးခြားမှု တစ်စုံတစ်ရာမရှိဘဲ ဒီဇင်ဘာလ ၁၆ ရက်နေ့ကို ရုံးချိန်းထပ်ပေးလိုက်တယ်လို့ ဆရာတော်ရဲ့ မိတ်ဆွေ အရှင်ထာ၀ရက မိန့်ပါတယ်။
ဆရာတော်ရဲ့ ကျန်းမာရေးကောင်းမွန်နေကြောင်း ကြားသိရပြီး ဒီအမှုကြောင့် ပြည်ပရောက် မြန်မာတွေ ပြည်တွင်းပြန်လာဖို့ တွန့်ဆုတ်သွားနိုင်တယ်လို့ အရှင်ထာ၀ရက မိန့်ပါတယ်။
“ဒီအမှုကတော့ ဘုန်းဘုန်းတို့ထင်ပါတယ် ဒါက ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် ထိုးနှက်ချက်တစ်ခုရယ်၊ နောက် ပြန်မဲ့သူတွေအတွက် တော်တော်လေး တွန့်ဆုတ်သွားမယ်ထင်တယ်”
လက်ရှိမှာ ဦးပညာဇောတကို အင်းစိန်ထောင် အမှတ် ၄ တိုက် (လေးတိုက်တို) မှာ ထားရှိကြောင်း သတင်းရထားတယ်လို့ ဆရာတော်နဲ့ နီးစပ်တဲ့ ဒကာတစ်ဦးက ပြောပါတယ်။
ဆရာတော်ဟာ သာသနာရေးကိစ္စတစ်ခုနဲ့ မြန်မာနိုင်ငံကို ပြန်လာစဉ် နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ဖမ်းဆီးခဲ့ရတာပါ။
အဲဒီနောက် ဒီဇင်ဘာ ၅ ရက်နေ့က မင်္ဂလာဒုံခရိုင်တရားရုံးမှာ ပထမအကြိမ်းရုံးထုတ်စဉ် တစ်သက်တစ်ကျွန်းအထိ ထောင်ဒဏ်ချမှတ်နိုင်တဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည) အပါအဝင် ပုဒ်မသုံးခုတပ်ပြီး အင်းစိန်ထောင်ကို ပို့လိုက်တာ ဖြစ်ပါတယ်။
ဆရာတော် ဦးပညာဇောတဟာ ၁၉၉ဝ မှာ အစိုးရကို ဆန့်ကျင်မှုနဲ့ ထောင်ချခံရတဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း ဖြစ်ပြီး ၂ဝဝ၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်ခဲ့တဲ့ ဆရာတော်တစ်ပါး ဖြစ်ပါတယ်။