ထောင်တွင်းအဆင်မပြေမှုတွေ တင်ပြလို့ နိုင်ငံရေးအကျဉ်းသူနှစ်ဦး တိုက်ပိတ်ခံရ
2023.02.08

အင်းစိန်အကျဉ်းထောင်တွင်း အခြေအနေကို အကျဉ်းဦးစီးဌာနတာဝန်ရှိသူတွေစစ်ဆေးချိန်မှာ ထောင်တွင်းအဆင်မပြေမှုတွေကို အကျဉ်းသူတွေကိုယ်စား တင်ပြခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသူ ဒေါ်ဝါဝါဝင်းနဲ့ မနိုဘယ်လ်နီနီထွေးတို့ နှစ်ပတ် တိုက်ပိတ်ခံထားရတယ်လို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတွေက ပြောပါတယ်။
သူတို့နှစ်ဦးစလုံးကို ဇန်နဝါရီလ ၂၅ ရက်နေ့မှာ စတင်တိုက်ပိတ်ခဲ့တာလို့ မိသားစုဝင်တွေနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
“ထောင်ရဲ့ သဘောသဘာဝကတော့ လူကြီးလာစစ်ရင် ပြည့်စုံလားဆို ပြည့်စုံပါတယ်လို့ ပြောစေချင်တာ။ တားထားရဲ့သားနဲ့ကို သူက အကျဉ်းသူတွေကိုယ်စားလိုအပ်ချက်တွေကို ထပြောတာ။ စစ်ဆေးတာတွေလည်း ပြန်ရော သူ့တို့ကိုတိုက်ပိတ်လိုက်တာ။ လာစစ်တဲ့ရက်တော့ မသိရဘူး။ တိုက်ပိတ်ခံရတာတော့ နှစ်ပတ်ပါ။ ဒေါ်ဝါဝါဝင်းနဲ့အတူ နောက်ထပ် အမျိုးသမီးတစ်ယောက်က မနိုဘယ်လ်နီနီထွေးဆိုတဲ့ တစ်ယောက်လည်း ပါတယ်”
ဒေါ်ဝါဝါဝင်းဟာ အင်းစိန်ထောင်တွင်းတရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ)နဲ့ ထောင်နှစ်နှစ်၊ အရှေ့ပိုင်း ခရိုင်တရားရုံးက အကြမ်းဖက်ဥပဒေနဲ့ ထောင်ငါးနှစ် ချမှတ်ခံထားရသူဖြစ်ပြီး မြောက်ဥက္ကလာပမြို့နယ် တရာရုံးမှာလည်း ပြည်သူပိုင်ပစ္စည်းဖျက်ဆီးမှု ပုဒ်မ - ၆၁နဲ့ ထပ်မံတရားစွဲခံထားရပါတယ်။
ဒီရက်ပိုင်းမှာပဲ ဒေါ်ဝါဝါဝင်းကို ရုံးထုတ်စစ်ဆေးဖို့ရှိပေမယ့် ထောင်ကနေ ထွက်ခွင့်ရမရ မသိရသေးဘူးလို့လည်း မိသားစုတွေနဲ့ နီးစပ်သူက ပြောပါတယ်။
မနိုဘယ်လ်နီနီထွေးကလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) အပြင် တခြားအမှုတွေနဲ့ အင်းစိန်ထောင်မှာ ထောင်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ ဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
အခုလို တိုက်ပိတ်ခံရတာနဲ့ပတ်သက်ပြီး အကျဉ်းဦးစီးဌာနရဲ့ ပြောခွင့်ရသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့အထိ ဖမ်းဆီး ခံထားရသူ ၁၃၈၄၅ ဦး ရှိပြီး ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၃၃၈ ဦးရှိပါတယ်။