ရိုက်နှက်တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတွေ ဆေးကုသခွင့်ရဖို့ အဖွဲ့ ရှစ်ဖွဲ့ တောင်းဆို
2024.06.25

ဒိုက်ဦးအကျဉ်းထောင်မှာ ရိုက်နှက်တိုက်ပိတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ သုံးဆယ်ကျော်ကို တိုက်ထဲကနေ ထုတ်ပြီး ဆေးဝါးကုသပေးဖို့ အအပါအဝင် အချက်ငါးချက်ကို နိုင်ငံရေးအကျဉ်းသားအရေး ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့ ရှစ်ဖွဲ့က ဇွန် ၂၅ ရက် ဒီနေ့မှာ ကြေညာချက်ထုတ် တောင်းဆိုပါတယ်။
ဒီ အကျဉ်းသူတွေအတွက် ထောင်ဝင်စာ လက်ခံဖို့၊ မိသားစုနဲ့ ဧည့်တွေ့ခွင့်ပေးဖို့၊ တိုက်ထဲက အမြန်ဆုံးထုတ်ပြီး ဆေးကုသပေးဖို့၊ သိမ်းဆည်းထားတဲ့ အကျဉ်းသူတွေရဲ့ ပစ္စည်းတွေကို ပြန်ပေးဖို့နဲ့ ထောင်ပြောင်းစဉ် အကြောင်းအမျိုးမျိုးပြပြီး ထပ်တိုးတရားစွဲထားတဲ့ ပုဒ်မတွေကို ပယ်ဖျက်ပေးဖို့ဆိုတဲ့ အချက်တွေ ပါဝင်ပါတယ်။
အဲဒီ နိုင်ငံရေးအကျဉ်းသူတွေဟာ ဇွန်လ ၁၅ ရက်နေ့ကစပြီး ဒီနေ့အထိ တိုက်ပိတ်ခံထားရသလို ဆေးဝါးကုသခွင့်တွေလည်း မရရှိသေးဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံလုံးဆိုင်ရာ အကျဉ်းသားများ ကွန်ရက်ရဲ့ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးကတော့ ထောင်အာဏာပိုင်တွေရဲ့ နိုင်ငံရေးအကျဉ်းသူတွေအပေါ် ဖိနှိပ်မှုတွေ ချက်ချင်းရပ်တန့်ပေးဖို့ တောင်းဆိုတယ်လို့ RFA ကို ပြောပါတယ်။
“အကျဉ်းထောင် ဝန်ထမ်းတွေက အမျိုးသမီး နိုင်ကျဥ်းတွေအပေါ်မှာ ဖိနှိပ်တာတွေ ချက်ချင်းရပ်ပေးဖို့ တောင်းဆိုချင်တာပါ။ ဒီတောင်းဆိုမှုကနေ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း သိစေချင်ပြီး နိုင်ကျဉ်းတွေအတွက် ပိုပြီးအထောက်အကူ ဖြစ်စေချင်တာပါ”
ဇွန်လ ၁၅ ရက်နေ့က ကျိုက်မရောထောင်ကနေ ပြောင်းရွှေ့လာတဲ့ နိုင်ငံရေးအကျဉ်းသူတွေရဲ့ အသုံးအဆောင်ပစ္စည်းတွေနဲ့ အစားအသောက်တွေကိုကို ဒိုက်ဦးထောင်ရဲ့ ထောင်အာဏာပိုင်တွေက သိမ်းဆည်းခဲ့တာကြောင့် အကျဉ်းသားအခွင့်အရေး တောင်းဆိုရာကနေ ထောင်အာဏာပိုင်တွေက ရိုက်နှက်ခဲ့တာလို့ အကျဉ်ထောင်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒီဖြစ်စဉ်မှာ နိုင်ငံရေးအကျဉ်းသူ ရှစ်ဆယ်ခန့် ရိုက်နှက်ခံရပြီ အဲဒီအထဲက ပြင်းပြင်းထန်ထန်ဒဏ်ရာရသူ ငါးဦး အပါအဝင် နိုင်ငံရေးအကျဉ်းသူ သုံးဆယ်ခန့် တိုက်ပိတ်ခံထားရတာလို့ ဆိုပါတယ်။
ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရနိုင်ဖို့ စစ်ကောင်စီရဲ့ အကျဥ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
အခုတောင်းဆိုမှုကိုတော့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၊ နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ (FPPS)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM)၊ နိုင်ငံရေး အကျဉ်းသူများအဖွဲ့(WOPP)၊ ထောင်ဝင်စာပို့ကြမယ် အဖွဲ့၊ နွေဦးတမန် နိုင်ကျဉ်းကူညီထောက်ပံ့ရေးအဖွဲ့၊ ကရင်နီ နိုင်ငံရေးအကျဉ်းသားများ အစည်းအရုံး (KPPA)နဲ့ Eat My Heart အဖွဲ့တို့က ပူးပေါင်းတောင်းဆိုတာ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဇွန်လ ၂၄ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်ပြီး လူပေါင်းနှစ်သောင်းကျော် (၂၀၆၂၇ ဦး) ဖမ်းဆီးခံထားရဆဲဖြစ်ပြီး အဲဒီအထဲက ကိုးထောင်ကျော် (၉,၂၂၇)ဦး ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။