ဆေးကုသခွင့်မရဘဲ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦး ရှိလာ

RFA Burmese
2024.04.08
ဆေးကုသခွင့်မရဘဲ သေဆုံးရတဲ့ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦး ရှိလာ အကျဉ်းထောင်တွေထဲ ဆေးကုသခွင့်မရသဖြင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးအား တွေ့ရစဉ်။
Political Prisoners Network - Myanmar

၂၀၂၄ ခုနှစ် ပထမသုံးလအတွင်း နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေအထဲ ဆေးကုသခွင့်မရဘဲ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ခုနစ်ဦးအထိရှိလာပြီလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဧပြီလ ၈ ရက်နေ့မှာ ပြောပါတယ်။

အကျဉ်းထောင်တွေထဲ ဆေးဝါးကုသခွင့် အလုံအလောက်မရတာ၊ အရေးကြီးလူနာတွေကို အချိန်မီ ပြင်ပဆေးရုံတွေမှာ ဆေးကုသခွင့်မပေးတာနဲ့ မိသားစုတွေကပို့ပေးတဲ့ ဆေးဝါးတွေ ကန့်သတ်ပိတ်ပင်ထားတာကြောင့် အခုလို သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေအထဲ ကျိုက်မရောကျဉ်းထောင်က နှစ်ဦး၊ မကွေးထောင်က တစ်ဦး၊ ကလေးထောင်က တစ်ဦး၊ ဒိုက်ဦးထောင်က နှစ်ဦးနဲ့ အိုးဘိုထောင်က တစ်ဦးတို့ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ပထမသုံးလအတွင်း နိုင်ငံရေးအကျဉ်းသား တစ်ဦးပဲ ဆေးကုသခွင့်မရလို့ သေဆုံးတာကြောင့် ဒီနှစ်ထဲသေဆုံးမှု ပိုမိုမြင့်တက်လာတာပါ။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့က ပဲခူးတိုင်း၊ ဒိုက်ဦးထောင်မှာ သားဖြစ်သူကိုယ်စား ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှု ပုဒ်မတွေနဲ့ ထောင် ၁၄ နှစ်ကျခံနေရတဲ့ အသက် ၆၆ နှစ်အရွယ် ဦးခင်စိုးဟာ အကျဉ်းထောင်ထဲ ဆေးဝါးကုသခွင့်မရလို့ သေဆုံးခဲ့ပါတယ်။

ဦးခင်စိုးရဲ့ မိသားစုနဲ့ နီးစပ်သူတစ်ဦးကတော့ အကျဉ်းထောင်ထဲမှာ ဆီးချုပ်၊ ဝမ်းချုပ်ရောဂါခံစားခဲ့ရပြီး အချိန်မီဆေးကုသခွင့်မရလို့ သေဆုံးခဲ့တာလို့ RFA ကို ပြောထားပါတယ်။

အခုနှစ်ထဲ အကျဉ်းထောင်မှာ သေဆုံးသူတွေဟာ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မတွေနဲ့ ထောင်နှစ်ရှည်ချခံရသူတွေဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဧပြီလ ၅ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ဆက်စပ်ပြီး လူပေါင်း နှစ်သောင်းကျော် (၂၀၃၁၀ ဦး) ဖမ်းဆီးခံထားရသလို အဲဒီအထဲက လူပေါင်း ကိုးထောင်နီးပါး (၈၉၀၇ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။