နိုင်ငံရေးအကျဉ်းသား သီးခြားသတ်မှတ်ဖို့ မရှိကြောင်း ပြည်ထဲရေးဒုဝန်ကြီး ပြော


2015.07.21
pyidu-hluttaw-620.jpg ပြည်သူ့လွှတ်တော် အစည်းအဝေး နေပြည်တော်မှာ ကျင်းပစဉ်
Photo: RFA

အကျဉ်းထောင်တွေထဲမှာ အကျဉ်းသားတချို့ကို နိုင်ငံရေးအကျဉ်းသားအဖြစ် ခွဲခြားသတ်မှတ်ပြီး ထူးခြားတဲ့ အခွင့်အရေးတွေပေးမယ်ဆိုရင် အခွင့်ထူးခံအတန်းအစားတစ်ရပ် ပေါ်ပေါက်လာမှာဖြစ်တဲ့အတွက် နိုင်ငံရေး အကျဉ်းသားဆိုပြီး သီးခြားသတ်မှတ်ဖို့ အစီအစဉ်မရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းက ပြောပါတယ်။

ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ "နိုင်ငံရေးအကျဉ်းသား" ဆိုတဲ့ စကားရပ်ကို အဓိပ္ပာယ်ဖွင့်ဆိုဖို့ အစီအစဉ် ရှိ၊ မရှိကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမေဝင်းမြင့်က မေးမြန်းရာမှာ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

"အကျဉ်းထောင်အသီးသီးမှာ ချုပ်နှောင်ထားတဲ့ အကျဉ်းသားများအနက်ကတချို့ကို နိုင်ငံရေးအကျဉ်းသားများအဖြစ် ခွဲခြားသတ်မှတ်ပြီးတော့ ထူးခြားတဲ့အခွင့်အရေးတွေ ပေးမယ်ဆိုလို့ရှိရင် အကျဉ်းထောင်အတွင်းမှာ အခွင့်ထူးခံ အကျဉ်းသား အတန်းစားတစ်ရပ် ပေါ်ပေါက်လာမှာဖြစ်ပါတယ်၊ အခြားအကျဉ်းသားများအနေနဲ့လည်း သိမ်ငယ် စိတ် မနာလိုဝင်တိုစိတ်များ ဖြစ်ပေါ်လာနိုင်ခြင်း၊ အကျဉ်းထောင် စည်းကမ်းချိုးဖောက်မှုများ ဖြစ်ပေါ်လာနိုင်ခြင်းနဲ့ အကျဉ်းထောင်အတွင်းမှာ အုပ်စုလိုက်ပဋိပက္ခများ ဖြစ်ပေါ်လာနိုင်ပါတယ်"

နိုင်ငံတော်အစိုးရကို ဆန့်ကျင်ပြီး ပြစ်ဒဏ်ကျခံနေရသူတွေကို  နိုင်ငံရေးအကျဉ်းသားအဖြစ် အမည်တပ်ပြီး လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးဖို့အတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းတချို့က ဖိအားပေးတောင်းဆိုခဲ့တာကြောင့် "အကျဉ်းသားများစိစစ်ရေးကော်မတီ" ကို ဖွဲ့စည်းပြီး အကျဉ်းသား ၃၅၄ ယောက်ကို နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ကြောင်းလည်း ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက ပြောခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။