အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြ
2021.07.23
ရန်ကုန် အင်းစိန်ဗဟိုအကျဉ်းထောင်မှာ နိုင်ငံရေးယုံကြည်ချက်နဲ့ အကျဉ်းကျနေသူတွေက ဇူလိုင် ၂၃ ရက် ဒီကနေ့မနက်ပိုင်းမှာ ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။ ရာဇဝတ်မှုတွေ နဲ့ ဖမ်းဆီးခံခဲ့ရသူတွေကို ပြန်လွှတ်ပေးခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသားတွေက အခုလို ဆန္ဒပြခဲ့ကြ တာပါ။
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာကို ကန့်ကွက်လို့ တပ်မတော်ကို အကြည်ညိုပျက်စေမှု ရာဇသတ် ကြီး ပုဒ်မ - ၅၀၅ (က) နဲ့ အင်းစိန်အကျဉ်းထောင် သီးသန့်ဆောင်မှာ ဖမ်းဆီးတရားစွဲဆိုခံထားရတဲ့ အကျဉ်း သားတွေက ဒီနေ့မနက်မှာ ဆန္ဒပြခဲ့ကြပြီး သူတို့ရဲ့ ကြွေးကြော်သံတွေဟာ ထောင်နံရံပြင်ပက လူနေအိမ်တွေ အထိပါ လျှံထွက်လာခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေဟာ သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြသလို ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကြီးကို လွှတ်ပေးဖို့နဲ့ အရေးတော်ပုံအောင်ရမည်ဆိုပြီး ကြွေးကြော် ခဲ့ကြတာဖြစ်ပါတယ်။
ဒီနေ့မနက်က ထောင်တွင်းဆန္ဒပြမှုမှာ အချက်သုံးချက်ကို တောင်းဆိုခဲ့တာဖြစ်တယ်လို့ အကျဉ်းထောင် ဝန်ထမ်းတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အကျဉ်းသားတွေအတွက် ကူညီပေးနေတဲ့ ရှေ့နေတစ်ဦးက RFA ကို ပြောပါတယ်။
“ဘာကြောင့်ပြတာလဲဆိုတဲ့ အကြောင်းအချက်က သူတို့ပြောတာမှာ သုံးချက်ရှိတယ်။ တစ်ချက်ကတော့ မကြာခင်ရက်ပိုင်းက အမှုရုပ်သိမ်းပေးလိုက်တဲ့ ရာဇဝတ်မှု အသေးအဖွဲအမှုတွေရယ်၊ နောက်တစ်ခါ မူးယစ် ဆေးဝါးမှုတွေရယ် လွှတ်ပေးလိုက်ပေမယ့် ဒီ ၅၀၅ (က) တွေကို အမှုရုပ်သိမ်းပေးတဲ့အထဲ မပါတဲ့အတွက် အဲဒီအခွင့်အရေးရဖို့ တောင်းဆိုတယ်လို့ သိပါတယ်။ နောက်တစ်ခုကတော့ အကျဉ်းထောင်အတွင်းက သီးသန့်ထောင်ရော ထောင်မကြီးဘက်မှာရော ထောင်ကျဆောင်၊ အချုပ်ဆောင် အကျဉ်းသား၊ အချုပ်သား အားလုံးပေါ်မှာ၊ ဖျားနာမှုတွေက တအားများနေပေမယ့် ကုသမှုက လုံလုံလောက်လောက်မရှိဘူး။ ဒါကြောင့် ကုသမှုတွေကို ထိထိရောက်ရောက်ဖြစ်အောင် လုံလုံလောက်လောက်ဖြစ်အောင် ဆောင်ရွက် ပေးဖို့ဆိုတဲ့ တောင်းဆိုချက်တစ်ချက်ပါတယ်လို့ ပြောပါတယ်။ နောက်တစ်ခုကတော့ ထောင်ပိုင်အပြောင်း အလဲဖြစ်သွားတဲ့အပေါ်မှာ ထောင်စည်းကမ်းတွေ တင်းကျပ်လာတာရယ် နောက်ထောင်ဝင်စာပစ္စည်း ပေးပို့မှုတွေပေါ့၊ ဒါတွေကိုကန့်သတ်မှု တအားများလာတဲ့အပေါ်မှာ အထဲမှာ စားဝတ်နေရေးခက်ခဲလာတဲ့ အတွက် ဒါတွေကို ဖြေလျှော့ပေးဖို့ဆိုတဲ့အချက် ဒီသုံးချက်ပါတယ်လို့ သိရပါတယ်”
ဆန္ဒပြကြွေးကြော်ခဲ့ကြပြီးနောက် အင်းစိန်ထောင်ကို စစ်ကား ခြောက်စီးရောက်ရှိလာပြီး လုံခြုံရေးယူထားတာ တွေ့ရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
စစ်အာဏာမသိမ်းခင်က လောင်းကစားဥပဒေ၊ ယစ်မျိုးအက်ဥပဒေ၊ မူးယစ်ဆေးဥပဒေ၊ ပြည့်တန်ဆာ နှိပ်ကွက်ရေးဥပဒေ အစရှိတဲ့ အမှုအမျိုးအစားပေါင်း ၁၁ မျိုးနဲ့ စွဲဆိုခံထားရသူတွေအားလုံးကို ဇူလိုင်လ ၂၀ ရက်နေ့က အမှုရုပ်သိမ်းပြီး စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့တာပါ။
"အကျဉ်းသားတွေကိုပါ ကိုဗစ်ကို လက်နက်သဖွယ်သုံးပြီး စနစ်တကျ သတ်နေတယ်လို့ ပြောချင်တယ်"
အခုလိုပြန်လွှတ်သူတွေထဲမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့နောက်ပိုင်း စစ်အာဏာသိမ်းတာကိုဆန့်ကျင်မှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ မပါတာကြောင့် စစ်ကောင်စီရဲ့ ဆောင်ရွက်ချက်အပေါ် ဝေဖန်မှုတွေရှိနေ တာဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားတွေ ဆန္ဒပြတဲ့အခါ အင်းအားသုံးထိန်းသိမ်းနိုင်ခြေရှိတာကြောင့် ထိခိုက်ဒဏ်ရာရမှာ စိုးရိမ်နေရတယ်လို့ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းက အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ အလွတ်သတင်းထောက် ကိုစိုးရာဇာထွန်း က ပြောပါတယ်။
“သာမန်အချိန်မှာတောင်မှ သူတို့ထရိန်နင်တွေဘာတွေရှိတယ်။ သူတို့တစ်ခါအလုပ်လုပ်တဲ့ကာလ။ အလုပ် လုပ်တဲ့ကာလမှာတောင် ဒီလောက်ငြိမ်နေရတယ် လှုပ်လို့မရဘူး။ လှုပ်ရင်သူတို့ဝင်ရိုက်တယ်။ ဟိုဘက်မှာ ၅၀၅ တုန်းကလည်း ကျွန်တော်တို့ သူတို့အလုပ်လုပ်တုန်းက ကျနော်တို့ ၅၀၅ တွေဆီကိုလာတယ်။ ပစ္စည်း တွေကို ဝရုန်းသုန်းကားနဲ့ ဖြုတ်ချလိုက်တယ်။ တုတ်တွေနဲ့ရိုက်တဲ့ပုံစံမျိုးလုပ်တယ်။ တစ်ကယ်တော့မရိုက် ဘူး။ ဒါပေမဲ့ သူတို့လေ့ကျင့်နေတာ။ လေ့ကျင့်နေတဲ့ပုံစံ။ နောက်တစ်ခုက လေ့ကျင့်တဲ့ပုံစံတောင် အဲဒီ လောက်ပြင်းထန်တယ်။ သာမာန်အချိန်မှာ ဘယ်လိုရှိလဲဆိုတော့ သာမာန်အချိန်မှာ လူကထိုင်ဆိုထိုင်၊ ထဆိုထ မထလို့ရှိရင် သူတို့ကဝင်ပြီးတော့ ဆဲတာတွေ ရမ်းတာတွေလုပ်တာတွေရှိတယ်။ ရိုက်တာတွေ ဘာတွေရှိတယ်။ ကျနော်တို့ Mizzima က ကိုဂျိမ်းဆိုလို့ရှိရင် သူတို့ ကိုယ်ထိလက်ရောက်စော်ကားတယ်။ ရိုက်တယ်။ သူတို့ရှာဖွေတဲ့အချိန်မှာ ဟိုဟာလုပ်တဲ့အခါကျတော့ အဲတော့ စစ်တပ်က အခုဝင်လိုက်တဲ့ ဟာက အင်အားသုံးဝင်လိုက်တဲ့ ပြင်းပြင်းထန်ထန် ရိုက်ကိုရိုက်မယ်ဆိုတဲ့ဟာတော့ ကျနော်ခန့်မှန်းလို့ ရတယ်။ ရိုက်ကိုရိုက်မယ် ဘယ်နှစ်ယောက် ဒဏ်ရာရမလဲ ဘယ်နှစ်ယောက် ထိခိုက်ကျမလဲတောင် မသိဘူးဖြစ်နေတယ်။ စိုးရိမ်ရတယ် ခင်ဗျ။ စိုးရိမ်ရတယ်”
ဒီနေ့မနက်က အကျဉ်းသားတွေ ဆန္ဒပြကြွေးကြော်ခဲ့ပြီးတဲ့နောက် ထောင်အာဏာပိုင်တွေက သွားရောက် တွေ့ဆုံပြီး ညှိနှိုင်းနေကြတယ်လို့ RFA က သတင်းရထားပေမယ့် နှစ်ဖက်ပြေလည်မှုရ၊ မရကိုတော့ မသိရ သေးပါဘူး။
RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ အကျဉ်းဦးစီးဌာနရဲ့ အငြိမ်းစားအရာရှိ တစ်ဦးကတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တောင်းဆိုမှုတွေကို အချိန်တိုတိုနဲ့ အမြန်ဆုံးဖြေရှင်းမပေးနိုင်ရင် ဆန္ဒပြတာတွေက ထောင်မကြီးမှာရှိတဲ့ အထွေထွေအကျဉ်းသားတွေနဲ့ အခြားအကျဉ်းထောင်တွေကိုပါ ကူးစက်သွားနိုင်တယ်လို့ ထောက်ပြပါတယ်။

ထောင်တွင်းအကျဉ်းသားတွေကို ထောင်ဝင်စာပို့ပေးဖို့အတွက် ကူညီဆောင်ရွက်ပေးနေတဲ့ ကိုဇေယျာလွင် ကလည်း အခုလိုပြောပါတယ်။
“ဦးဆောင်သူတွေပဲပြောပြော အဲဒီထဲမှာဝင်ဖမ်းလို့ မိသွားတဲ့သူတွေပဲပြောပြောပေါ့။ စစ်ခွေးတိုက်ပို့မယ်။ ရိုက်မယ်နှက်မယ်။ စစ်ခွေးတိုက်မှာ ရက်အကြာကြီးထားမယ်။ အစာရေစာလည်း နည်းနည်းပါးပါးပဲပေး တာလည်း ဖြစ်နိုင်တယ်။ ရေချိုးခွင့်တွေ ဘာတွေမပေးတော့ဘူး။ ဒါလုပ်မယ် သူ့ကိုပေါ့ ဦးဆောင်တဲ့ သူလို့ပဲ ပြောကြပါစို့။ ဦးဆောင်တဲ့သူကို ရိုက်မယ် နှက်မယ် တော်တော်ဆိုးဆိုးရွားရွားလုပ်မယ့်ပုံစံပါ ကျွန်တော်ထင်တာကတော့။ ဘာလို့လဲဆို အပြင်မှာတောင် တော်တော်ဆိုးဆိုးရွားရွားလုပ်ကြတာလေ အထဲမှာဆို ဘာမှမမြင်ရဘူး”
ဒါအပြင် ကျန်တဲ့သူတွေရဲ့ အဆောင်အခန်းတွေကို ဖွင့်မပေးတာ၊ ရေချိုးချိန် မိနစ်အနည်းငယ်ပဲပေးတာ၊ ပုံစံနဲ့ ရေချိုးခိုင်းတာတွေ၊ အမြဲစောင့်ကြည့်တာမျိုးတွေကို ထောင်အာဏာပိုင်တွေဘက်က လုပ်လာနိုင်တယ်လို့ ဆိုပါတယ်။
အခြားနောက်ဆက်တွဲအနေနဲ့လည်း ထောင်ကို အသွားအလာကန့်သတ်မှု (Lockdown) ချထားတဲ့ကာလကို တိုးမြှင့်တာ၊ ထောင်ဝင်စာပို့ရ ခက်ခဲတာနဲ့ ရုံးထုတ်ရင် ပိုပြီးတင်းကျပ်တာမျိုး ဖြစ်လာနိုင်တယ်လို့ သူက ထောက်ပြပါတယ်။
အင်းစိန်အကျဉ်းထောင်တွင်း ဆန္ဒပြမှုနဲ့ပတ်သက်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ အရေးပေါ်ကြေညာချက်တစ်စောင် ထုတ်ပြန်ရာမှာ ဒီကနေ့မနက် ၈ နာရီလောက်မှာ အင်းစိန်အကျဉ်းထောင် အမျိုးသမီးဆောင်ကနေ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေနဲ့ သံပြိုင် သီဆိုတဲ့ နိုင်ငံရေးသီချင်းသံတွေကို ကြားခဲ့ရကြောင်း၊ အင်းစိန်ထောင်ထဲက အမျိုးသမီးဆောင်တွေမှာ ကိုဗစ် ရောဂါကူးစက်မှုတွေ ရှိနေပေမယ့် ထိရောက်တဲ့ ဆေးကုသခွင့် မရရှိကြောင်း၊ ဒါကြောင့် ဆန္ဒပြမှုတွေဟာ အင်းစိန်ထောင်တစ်ခုလုံးရှိ အခြားအဆောင်တွေကိုပါ ပျံ့နှံ့သွားခဲ့ကြောင်း ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ၁၉၉၀ စက်တင်ဘာလတုန်းကလည်း အင်းစိန်ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေက ဦးဆောင်ပြီး အလားတူ ကန့်ကွက်ဆန္ဒပြမှုမျိုး ဖြစ်ခဲ့တဲ့အပေါ် ထောင်အာဏာပိုင်တွေက ရက်ရက်စက်စက် ရိုက်နှက်ဖြိုခွင်း ခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသား ခြောက်ဦးသေဆုံးခဲ့ပြီး ၄၀ အရေးပေါ် ဆေးရုံတင်ခဲ့ရကြောင်းလည်း ဆိုပါတယ်။
ဒါကြောင့် ထောင်အာဏာပိုင်တွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထောင်တွင်းလူအစုလိုက်အပြုံလိုက် သေဆုံးမှုတွေမဖြစ်ဖို့အတွက် နိုင်ငံတကာအစိုးရတွေအနေနဲ့ အာဏာသိမ်းအစိုးရကို ဖိအားပေးတားဆီးဖို့ လိုကြောင်း AAPP က တောင်းဆိုထားပါတယ်။
အခု စစ်ကောင်စီလက်ထက်မှာတော့ ထောင်တွင်းမှာ ကိုဗစ်ကပ်ရောဂါက အခြေအနေဆိုးဝါးနေတာကြောင့် မဖမ်းသင့်ဘဲ ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသမားတွေကို ပြန်လွှတ်ပေးသင့်တယ်လို့လည်း AAPP ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။
“အခုကိုဗစ်ကပ်ရောဂါက အကျဉ်းထောင်ထဲမှာ အခြေအနေတော်တော်ဆိုးနေပြီ။ သူတို့ကို မလွှတ်ပေး သင့်ဘူးလားဆို သေချာပေါက် ဖမ်းကို မဖမ်းသင့်တဲ့လူတွေ၊ သေချာပေါက် လွှတ်ကိုလွှတ်ပေးရမယ့်သူတွေ ဖြစ်တယ်။ လွှတ်လည်းမလွှတ်ပေးဘူး။ အကျဉ်းထောင်ထဲထည့်ထားပြီးတော့ စားရေးသောက်ရေး ဘာမှ လည်းသေသေချာချာ မလုပ်ပေးဘူးဆိုတာက အင်မတန်ဆိုးတယ်။ ဒါတွေက အထဲမှာရှိတဲ့နိုင်ငံရေး အကျဉ်းသားတွေ၊ အခြားအကျဉ်းသားတွေကိုပါ ကိုဗစ်ကို လက်နက်သဖွယ်သုံးပြီး စနစ်တကျသတ် နေတယ်လို့ ပြောချင်တယ်”
ဩစတြေးလျ၊ ကနေဒါနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးနဲ့ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံ ပေါင်း ၁၃ ခုက သံရုံးတွေကလည်း အခြေအနေကို ငြိမ်းငြိမ်းချမ်းချမ်းဖြေရှင်းဖို့၊ အကျဉ်းထောင်တွေမှာ ဖမ်းဆီး ထိန်းသိမ်းခံထားရသူအားလုံးအတွက် ကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ နည်းလမ်းတကျရရှိရေး အတွက် အခြေခံလူ့အခွင့်အရေးတွေကို လေးစားလိုက်နာဖို့၊ သက်ဆိုင်ရာအာဏာပိုင်တွေကို တိုက်တွန်း ကြောင်းနဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေကြောင်း ဒီနေ့ထုတ်ပြန်ပါတယ်။
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းကလည်း ယုံကြည်ချက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အကျဉ်းထောင်တွင်းမှာ နစ်နာ ဆုံးရှုံးနေတဲ့ လိုအပ်ချက်တွေကို နိုင်ငံတကာကျင့်ဝတ်တွေနဲ့အညီ အမြန်ဆုံးကူညီဖြေရှင်းပေးဖို့ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) ကို ဒီနေ့ စာပေးပို့ တိုက်တွန်းထားပါတယ်။
အလားတူ ရန်ကုန်တက္ကသိုလ်များ ကျောင်းသားသမဂ္ဂကလည်း အင်းစိန်ထောင်တွင်း ဆန္ဒပြမှုနဲ့ပတ်သက်လို့ အရေးပေါ်ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်လိုက်ပြီး မတရားဖမ်းဆီးခံရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့ နိုင်ငံ ရေးအကျဉ်းသားအချုပ်သားတွေကို ကိုဗစ်ကာကွယ်ကုသရေးနဲ့ ဆေးကုသခွင့်တွေရရှိဖို့ တောင်းဆိုထား ပါတယ်။
အင်းစိန်ထောင်မှာ နိုင်ငံရေးအကျဉ်းသားအဖြစ် အထိန်းသိမ်းခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဉာဏ်ဝင်း အပါအဝင် ထောင်တွင်းမှာ ကိုဗစ်ရောဂါပိုး ကူးစက်ခံရပြီး သေဆုံးသွားတဲ့သူ ခြောက်ဦးရှိတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
ဒီနေ့ အင်းစိန်ထောင်တွင်း ဆန္ဒပြမှုတွေနဲ့ ပတ်သက်လို့ မေးမြန်းဖို့အတွက် အင်းစိန်အကျဉ်းထောင် ညွှန်ကြား ရေးမှူးကို RFA က အကြိမ် ၂၀ အထိ ဖုန်းခေါ်ဆိုခဲ့ပေမယ့် ပြန်လည်မဖြေကြားပါဘူး။
ရွှေဘိုအကျဉ်းထောင်မှာလည်း အကျဉ်းသားတွေ ဆန္ဒပြမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက် အကျဉ်း ထောင်ဝန်းကျင်ကို လုံခြုံရေး တင်းတင်းကျပ်ကျပ်ချထားတာ တွေ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။