သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားလေးဦး ရိုက်နှက်တိုက်ပိတ်ခံရ

RFA Burmese
2024.02.03
သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားလေးဦး ရိုက်နှက်တိုက်ပိတ်ခံရ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အား ၂၀၁၆ ခုနှစ်၊ ဧပြီလ ၈ ရက်နေ့က တွေ့ရစဉ်။
RFA

ပဲခူးတိုင်း သာယာဝတီအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားလေးဦး ဘုရားမရှိခိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထောင်အာဏာပိုင်တွေက ပြင်းပြင်းထန်ထန် ရိုက်နှက်ပြီး တိုက်ပိတ်ထားတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ RFA ကို ပြောပါတယ်။

တိုက်ပိတ်ခံထားရသူတွေက အသက် ၂၁ နှစ်ကနေ ၂၄ နှစ်ကြားအရွယ်ရှိတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမင်းသူအောင်၊ ကိုသီဟကောင်းဆက်၊ ကိုထူးအောင်(ခ) ဂျစ်တူးနဲ့ စိုင်းဝင်းလွင်ထွဋ် (ခ) ငစိုင်းတို့ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၈ ရက်နေ့က နိုင်ငံရေးအကျဉ်းသား လူငယ်လေးဦးကို ထောင်ဏာပိုင်တွေက အခန်းပြင် ခေါ်ထုတ်ရိုက်နှက်ခဲ့တာပါ။ ဒါ့အပြင် ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေကို ဆေးကုသခွင့်မပေးဘဲ အဲဒီနေ့မှာပဲ ခြေနှစ်ချောင်းကြားမှာ ခြောက်လက်မထောက်ထည့်ပြီး ခြေချင်းခတ်ကာ တိုက်ပိတ်ခဲ့တာလို့ အကျဉ်းထောင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

“ထောင်အာဏာပိုင်တွေက ဘာလို့ဘုရှားမရှိခိုးတာလဲမေးတော့ သူတို့ဘယ်ဘာသာကို ကိုးကွယ်ရမှန်း မဆုံးဖြတ်ရသေးလို့ မရှိခိုးတာ၊ သူများတွေ ဘုရားရှိခိုးတဲ့အချိန်မှာလည်း အေးဆေးပဲနေတယ်ပေါ့နော်။ ကလေးတွေက အေးအေးဆေးဆေးပြောတာ။ အဲဒီလိုပြောရကောင်းလားဆိုပြီး ညနေပိုင်းကျတော့ လက်ထိတ်ခတ်၊ ခြေချင်းခတ်၊ အပြင်ခေါ်ထုတ်ပြီး ဝိုင်းရိုက်တာ ဘယ်လောက်များလဲ၊ မများလဲဆိုရင် အင်္ကျီမှာစိုတဲ့သွေးက ရေညှစ်လို့တောင်ရတယ်”

အခုတိုက်ပိတ်ခံရသူတွေဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အတွက် ဖမ်းဆီးထောင်ချခံရတာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက ဘယ်လိုပုဒ်မတွေနဲ့ အရေးယူထားတယ်ဆိုတာ တိတိကျကျ မသိရသေးပါဘူး။

ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီ အကျဉ်းဦးစီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးနိုင်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းမကိုင်ပါဘူး။

၂၀၂၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်ကလည်း သာယာဝတီထောင်တွင်း အာဇာနည်နေ့ အခမ်းအနားပြုလုပ်ခဲ့လို့ နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူ ၃၁ ဦး တိုက်ပိတ်ခဲ့ရပြီး အဲဒီအထဲက ရိုက်နှက်ခံရတဲ့ နိုင်ငံရေးအကျဉ်းသား လေးဦးဟာ ထောင်ဆေးရုံကို တင်ပြီး ကုသရတဲ့အထိ အခြေအနေတွေ ဆိုးရွားခဲ့ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီလ ၂ ရက်နေ့အထိ စာရင်းတွေအရ အာဏာသိမ်းကာလအတွင်း နိုင်ငံရေးနဲ့ ဆက်စပ်လို့ လူပေါင်း နှစ်သောင်းကျော် (၂၀,၀၁၃ ဦး) ဖမ်းဆီးထိန်းသိမ်းခံထားရပြီး အဲဒီက ကိုးထောင်နီးပါး (၈၆၉၃ ဦး) ထောင်ဒဏ်တွေ ချမှတ်ခံထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။