ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသူတွေ အရေပြားရောဂါ ကူးစက်ခံနေရ
2024.10.21
ပဲခူးတိုင်း၊ ဒိုက်ဦးထောင်က နိုင်ငံရေးအကျဉ်းသူ တစ်ရာကျော်ဟာ အရေပြားရောဂါ ကူးစက်ခံနေရပြီး ဆေးကုသခွင့်လည်းမရဘူးလို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ရဲ့ တာဝန်ခံ မဇူးဇူးမေယွန်းက RFA ကို အောက်တိုဘာလ ၂၂ ရက်နေ့က ပြောပါတယ်။
အောက်တိုဘာလ ပထမအပတ်စလို့ ဒိုက်ဦးအကျဉ်းထောင်မှာ ရေကန် သုံးကန်ရှိတဲ့အထဲ နှစ်ကန်က ရေပြတ်လပ်နေပြီး ကျန်တဲ့ ရေကန်တစ်ကန်က သန့်ရှင်းမှုမရှိတဲ့ရေကိုပဲ အသုံးပြုနေရတယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် နိုင်ငံရေးအကျဉ်းသူတွေဟာ အနာစိမ်းတွေပေါက်တာ၊ ခါးမှာ ယားနာတွေပေါက်တာနဲ့ မျက်နှာတွေမှာလည်း အရေပြားရောဂါတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။
ဒီ့အပြင် မိသားစုဝင်တွေက ပို့တဲ့ဆေးဝါးတွေကိုလည်း ကန့်သတ်ထားတယ်လို့ WOPP တာဝန်ခံ မဇူးဇူးမေယွန်းက RFA ကို ပြောပါတယ်။
"အကျဉ်းထောင်ထဲက ဆေးဝါးက အကျဉ်းကျနေသူတွေအတွက် အဆင်မပြေတဲ့အခါ မိသားစုဝင်တွေက ဆေးတွေပို့ရင် အကျဉ်းထောင်ဘက်ရဲ့ ပါဆယ်ဂိတ်က မိသားစုတွေကို ပြန်ပေးလိုက်တာတွေလည်းရှိတယ်"
ဆေးကုသခွင့်မပေးတာဟာ လူတစ်ယောက် အသက်ရှင်နေထိုင်ရေးအတွက် လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီအခြေအနေနဲ့ ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာန ပြောခွင့်ရသူ ဒုတိယညွှန်ကြားရေးမှူးချုပ်ရုံးကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာ မရှိပါဘူး။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အောက်တိုဘာလ ၂၁ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းကာလအတွင်း အမျိုးသမီး တစ်ထောင်ကျော် (၁၂၃၆ ဦး) သေဆုံးပြီး ခြောက်ထောင်ခန့် (၅၇၁၂ ဦး) ဖမ်းဆီးခံခဲ့ရပါတယ်။