နိုင်ငံရေး အကျဉ်းသားဟောင်း များ အမေရိကန်အစိုးရ ကူညီသွားမည်
2014.08.11

မြန်မာနိုင်ငံက နိုင်ငံရေးအကျဉ်းသားဟောင်းတွေရဲ့ ဘဝရှေ့ရေးနဲ့ သားသမီးတွေရဲ့ ပညာရေးကိစ္စတွေမှာ အမေရိကန်အစိုးရက အကူအညီပေးသွားမယ်လို့ အမေရိကန်အစိုးရ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski က ပြောကြား လိုက်ပါတယ်။
ရန်ကုန်မြို့အမေရိကန်သံရုံးမှာ နိုင်ငံရေးအကျဉ်း သားဟောင်းများအဖွဲ့နဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံစဉ် Mr Malinowski က ပြောကြားခဲ့တာ လို့ တွေ့ဆုံပွဲ တက်ရောက်ခဲ့တဲ့ နိုင်ငံရေး အကျဉ်း သားဟောင်းများအဖွဲ့က ဦးထွန်းကြည်က ပြောပါတယ်။
"ကျနော်တို့ နိုင်ငံရေးအကျဉ်း သားဟောင်းတွေပေ့ါဗျာ၊ ၎င်းတို့ရင်ဆိုင် ကြုံတွေ့နေရတဲ့ စိန်ခေါ် မှှုတွေပေါ့၊ အကျဉ်းချမှှုတွေပေါ့၊ သူတို့ရဲ့ကလေးတွေအနေနဲ့သာ ဆက်လက်ပြီးတော့ ပညာသင်ဖို့ အတွက်မှာ မူလတန်းမှသည် တက္ကသိုလ်ပညာသင်ကြားရေး အထိပေါ့နော်၊ ပြောတဲ့အခါကျတော့ ပညာရေးတင်မဟုတ်ဘူး၊ ကျန်းမာရေးရော၊ သူတို့ရင်ဆိုင် ကြုံတွေ့နေရတဲ့ ယခင်အခက်အခဲ အကြပ်အတည်းတွေပါ၊ သူတို့သိခွင့်ရတဲ့အကြောင်းမို့လို့ အဲ့အပေါ်မှာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပတ်သက်လို့ ပညာရေးနဲ့ ပတ်သက်လို့ အခက်အခဲရှိနေတာတွေ သူတို့အပြင်ပေါ့ဗျာ၊ သူတို့ပါတနာ အဖွဲ့အစည်းတွေလည်း ရှိနေပါတယ်တဲ့ ကူညီပေးပါမယ်ဆိုပြီးတော့ သူတို့ဘက်က ပြောသွားတယ်"
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့တဲ့ ၄၇ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်း အဝေးကို တက်ရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry နဲ့ အတူ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Tom Malinowski လည်းတက်ရောက်ခဲ့တာဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့တွေနဲ့ ဒီနေ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေကိုလွှတ်ပေးဖို့ အမေရိကန်နိုင်ငံ ခြားရေး ဝန်ကြီး John Kerry က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးစဉ် တောင်းဆိုထားတယ်လို့လည်း သိရပါတယ်။
ဒီအကြောင်း အပြည့်အစုံကို နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ဝင် ဦးထွန်းကြည်နဲ့ RFA သတင်းထောက် ကိုကျော်သူက ဆက်သွယ်မေးမြန်းထားပါတယ်။