နိုင်ငံရေးဆွေးနွေးပွဲများအတွက် မူဘောင်များ စုပေါင်းဆွေးနွေး
2014.10.15

လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီ ၅၆ ခု ပူးပေါင်းပြီး တင်ပြမယ့် မူဘောင်တွေအတွက် ရန်ကုန်မြို့ လသာမြို့နယ်မှာရှိတဲ့ ညီနောင် တိုင်းရင်းသားများ ဖက်ဒရေးရှင်းအဖွဲ့ NBF ရုံးခန်းမှာ ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။
ပေါ်ပေါက်လာမယ့် ဆွေးနွေးပွဲတွေမှာ နိုင်ငံရေးအစု အဖွဲ့တွေအလိုက် ပါဝင်ဆွေးနွေးနိုင်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ NBF ရဲ့အဖွဲ့ဝင် ဦးစောသန်းမြင့်က RFA ကို ပြောပါတယ်။
"ပထမဆုံး အရေးကြီးတဲ့အချက်က ပါဝင်မှုပေါ့၊ ဥပမာ UNFC က ဆိုရင် ၃ စု ၃ ဖွဲ့ပါဝင်မည်ပေါ့နော်၊ အဲ့လိုလုပ်ထားတာရှိတယ်၊ ကျနော်တို့ကျတော့ ၄ အစုအဖွဲ့နဲ့ တင်တယ်"
ဖက်ဒရယ်ဒီမိုကရေစီ မဟာမိတ်အဖွဲ့ FDA က သူတို့ရေးဆွဲထားတဲ့ မူကြမ်းကို ဒီဆွေးနွေးပွဲမှာတင်ပြပြီး တက်ရောက်လာကြတဲ့ နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်တွေက အပြန်အလှန်ဆွေးနွေးခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။
လက်ရှိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီတို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုစာချုပ် ချုပ်ဆိုနိုင်ဖို့ ဆွေးနွေးနေကြရမှာ အဲဒီစာချုပ်ချုပ်ဆိုပြီး ရက်ပေါင်း ၆ဝ အတွင်း နိုင်ငံရေးဆွေးနွေးပွဲတွေစတင်ဖို့ နိုင်ငံရေးပါတီတွေက တောင်းဆိုထားကြပါတယ်။