NLD အောင်ပွဲ ပြည်သူ့အောင်ပွဲ အဖြစ် ၇၄၊ ၇၅၊ ၇၆ နိုင်ငံရေး အင်အားစု ထုတ်ပြန်


2015.11.15
aunghimesan-620.jpg ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ နိုဝင်ဘာလ ၁၅ ရက်နေ့က ဗကသအဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းကို တွေ့ရစဉ်
ဓါတ်ပုံ - အောင်သိင်္ခ/RFA

၁၉၇၄-၇၅နဲ့ ၇၆ ခုနှစ်တွေမှာ နိုင်ငံရေးလှုပ်ရှားခဲ့ကြတဲ့ အင်အားစုတွေက ရွေးကောက်ပွဲမှာ NLD က ပြတ်ပြတ်သားသား အနိုင်ရခဲ့တာကို ဂုဏ်ပြုကြောင်း ဒီကနေ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ပြောကြား လိုက်ပါတယ်။

၁၉၇၅ နိုင်ငံရေးအကျဉ်းသားဟောင်း ဦးထင်အောင်က NLD ရဲ့အောင်ပွဲဟာ ပြည်သူအားလုံးရဲ့ သမိုင်းဝင် အောင်ပွဲဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနိုင်ရရေးသည် တနည်းအားဖြင့် ဒီမိုကရေစီစနစ် လိုလားထောက်ခံသော တိုင်းရင်းသားပြည်သူတစ်ရပ်လုံး မိမိတို့ ၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစုမှ မှတ်ယူပါတယ်"

ဒ့ါအပြင် ၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစုက လက်ရှိအစာငတ်ခံဆန္ဒပြနေတဲ့ ကျောင်းသားတွေကို တိုက်ပွဲ ပုံသဏ္ဏန် ပြန်လည်သုံးသပ်ဖို့ မေတ္တာရပ်ခံတဲ့ ကြေညာချက်တစ်စောင်ကိုလည်း ဒီကနေ့ ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိ အစာငတ်ခံ ဆန္ဒပြနေသူ ၉ ဦးရှိတဲ့အနက် ၆ ဦးက သာယာဝတီထောင်မှာဖြစ်ပြီး ကျန်းမာရေး ဆိုးဝါးနေသူ ၃ ဦးကို ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားပါတယ်။

၁၉၇၅ ခုနှစ် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးတင်ဝင်း က ဒီကျောင်းသားတွေရဲ့ အသက်တွေကို အဆုံးရှုံး မခံနိုင်တဲ့အတွက် အစာငတ်ခံမှုကို ယာယီဖြစ်စေ ရပ်ဆိုင်းထားဖို့ မိမိတို့ မေတ္တာရပ်ခံရတာ ဖြစ်တယ် လို့ ပြောပါတယ်။

"သူတို့တွေ တောင်းဆိုချက်ကိုလည်း ကျနော်တို့ ကန့်ကွက်စရာမလိုပါဘူး၊ သို့သော် ကျနော်တို့ ပြောင်းလဲလာ တဲ့ နိုင်ငံရဲ့အခြေအနေအောက်မှာ သူတို့ရဲ့တန်ဖိုးရှိတဲ့ဘဝတွေ တန်ဖိုးရှိတဲ့စွမ်းအားတွေနဲ့အတူတူ ပါဝင်နိုင်ဖို့အခြေအနေတွေ ကျနော်တို့က ပိုပြီးတော့မျှော်လင့်ပါတယ်၊ ဒါကြောင်မို့လို့ သူတို့ကို ကျနော်တို့ က မေတ္တာရပ်ခံခြင်းပဲဖြစ်ပါတယ်"

အဲ့ဒီ ၇၄၊ ၇၅၊ ၇၆ နိုင်ငံရေးအင်အားစုက အကျဉ်းသားဟောင်းတချို့ဟာ ဒီကနေ့ ညနေက ရန်ကုန် ဆေးရုံကြီးကို သွားရောက်ပြီး အစာငတ်ခံဆန္ဒပြနေသူတွေကို ကြည့်ရှုအားပေးကာ သူတို့ရဲ့အကြံပေး မေတ္တာရပ်ခံလွှာ အကြောင်း ရှင်းလင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။

အစာငတ်ခံဆန္ဒပြနေတဲ့ ဗကသကျောင်းသားတွေအနေနဲ့ အစာအငတ်ခံဆန္ဒပြနေတာကို စဉ်းစား သုံးသပ်သွားမယ်လို့ အစာငတ်ခံဆန္ဒပြပြီး အားနည်းတာကြောင့် ဆေးကုသမှုခံယူနေတဲ့ ဗကသ အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းက ပြောပါတယ်။

ကျန်းမာရေး အခြေအနေစိုးရိမ်ရတဲ့အတွက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ရောက်နေတဲ့ ဗကသ ကျောင်းသားတွေ အနေနဲ့ အစာအငတ်ခံဆန္ဒပြတာကို ရပ်တန့်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာရပ်ခံချက်ကို မနေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က လာရောက် ပြောကြားသွားတာ ဖြစ်ပါ တယ်။

ဗကသ အဖွဲ့ဝင် ကိုအောင်မှိုင်းဆန်းကို အာအက်ဖ်အေ သတင်းထောက် ကိုအောင်သိင်္ခက တွေ့ဆုံမေးမြန်း ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။