အကျဉ်းကျ ရှမ်းခေါင်းဆောင်များကို ဂုဏ်ပြု

စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချထားတဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး အပါအဝင်၊ အခြား အကျဉ်းကျရှမ်းခေါင်းဆောင်တွေကို တိုင်းရင်းသား လူမျိုးစု နိုင်ငံရေးခေါင်းဆောင်တွေက နိုင်ငံရေး သူရဲကောင်းအဖြစ် ဂုဏ်ပြုမှတ်တမ်း ပေးအပ်တဲ့ပွဲကို ရန်ကုန်မြို့က ဦးခွန်ထွန်းဦးရဲ့ နေအိမ်မှာ မတ်လ ၃၀ ရက် ဒီနေ့ ပြုလုပ်ခဲ့ကြပါတယ်။

2011.03.30

khun_htun_oo_250_z.jpg
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ် ချမှတ်ပြီး မြန်မာနိုင်ငံ မြောက်ဖျား ပူတာအို ထောင်သို့ ပို့ဆောင် အကျဉ်းချထားပါသည်။
RFA
ဒီပွဲကို ဝါရင့် နိုင်ငံရေးသမားကြီးများ အဖွဲ့နဲ့ NLD အဖွဲ့ချုပ်ကလည်း တက်ရောက် ချီးမြှင့်ခဲ့တယ်လို့ NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။

“SNLD က ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင်များကို တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီ အင်အားစုများက နိုင်ငံရေး သူရဲကောင်းများအဖြစ် ဂုဏ်ပြုလွှာ ပေးအပ်တဲ့ အခမ်းအနားကို ဦးခွန်ထွန်းဦးရဲ့ နေအိမ်မှာ ဒီနေ့မနက် ကျင်းပပါတယ်။ အဲဒီမှာ တက်ရောက်တဲ့ ပုဂ္ဂိုလ်များကတော့ ဦးအေးသာအောင်တို့၊ ဦးပူကျင့်ရှင်းထန်တို့၊ နောက် ဦးထောင်ကိုထန်းတို့၊ နောက် ကျွန်တော်တို့ ဦးနိုင်ငွေသိန်းတို့၊ ဦးနိုင်ထွန်းသိန်းတို့ စတဲ့ ပုဂ္ဂိုလ်တွေ၊ ဦးသာဘန်းတို့ ဘာတို့ စတဲ့ ပုဂ္ဂိုလ်တွေ၊ နောက် ဦးစိုင်းစောအောင် စတဲ့ အဲလို ရှမ်းတိုင်းရင်းသား ခေါင်းဆောင်တွေ၊ ရခိုင်စတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ တွေ့ရပါတယ်။”

“နောက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဆရာ ဦးဝင်းတင်၊ ဦးဉာဏ်ဝင်း၊ ဦးဟံသာမြင့်စတဲ့ ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင်တွေ တက်ရောက်ပါတယ်။ နောက် ဝါရင့် နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ သခင်ချန်ထွန်းတို့၊ နောက် တိုင်းရင်းသား ခေါင်းဆောင်ထဲက မစ္စတာ ဦးအာပီသောင်းတို့ ဘာတို့လည်း တက်ရောက်တာ တွေ့ရပါတယ်။”

ဂုဏ်ပြလွှာကို ဦးခွန်ထွန်းဦးရဲ့ ဇနီး ဒေါ်ဝေဝေလွင်ကို ပေးအပ်လိုက်တယ်လို့ ဆိုပါတယ်။

ဦးခွန်ထွန်းဦးဟာ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး သူတို့ကို ၂၀၀၅ ခုနှစ်မှာ စစ်အစိုးရက အမျိုးသားညီလာခံ ကျင်းပရေးကို နှောင့်ယှက်မှုနဲ့ စွပ်စွဲပြီး ဖမ်းဆီး ထောင်ချ ထားတာပါ။ လက်ရှိမှာ ဦးခွန်ထွန်းဦးက ထောင်ဒဏ် ၉၃ နှစ်နဲ့ ကချင်ပြည်နယ် ပူတာအိုထောင်မှာ အပို့ခံထားရပြီး ကျန်းမာရေး ချို့တဲ့နေတယ်လို့ သိရပါတယ်။

SNLD ပါတီအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကို ထောင်ဒဏ် ၈၅ နှစ်နဲ့ ကလေးအကျဉ်းထောင်၊ ဦးစိုင်းလှအောင်ကို ထောင်ဒဏ် ၇၅ နှစ်နဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူထောင်၊ အပစ်ရပ် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နာယက ဗိုလ်ချုပ် ဆေထင်ကို ထောင်ဒဏ် ၁၀၆ နှစ်နဲ့ ရခိုင်ပြည်နယ် စစ်တွေထောင်မှာ ပို့ထားတယ်လို့ သိရပါတယ်။

သူတို့နဲ့ အတူ ထောင်ချခံလိုက်ရတဲ့ ဆရာဦးမြင့်သန်းက သံတွဲအကျဉ်းထောင်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

SNLD ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တနိုင်ငံလုံး လွှတ်တော်ကိုယ်စားလှယ် ဒုတိယ အများဆုံးရရှိတဲ့ ပါတီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။