ပြည်ခိုင်ဖြိုးလွှတ်တော် ကိုယ်စားလှယ်လောင်း ၄ ဦး ကို NLD တိုင်ကြားမည်
2015.09.05

လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ စတင်မဲဆွယ်ရမယ့် စက်တင်ဘာလ ၈ ရက်မတိုင်ခင် မဲဆွယ်စည်းရုံး ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စား လှယ်လောင်း ၄ ဦးကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားမယ်လို့ နေပြည်တော် NLD ပါတီ တာဝန်ရှိသူတွေ က ပြောပါတယ်။
လာမယ့် တနင်္လာနေ့မှာ တိုင်ကြားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ် ဦးမင်းသူက ဒီကနေ့ နေပြည်တော်၊ ဇမ္ဗူသီရိမြို့က လွှတ်တော်ကိုယ်စားလှယ်တွေ နေထိုင်တဲ့ စည်ပင်ဧည့်ရိပ်သာ မှာ ပြောကြားတာဖြစ်ပါတယ်။
"ကျနော်တို့ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေဟာ စက်တင်ဘာလ ၈ ရက်နေ့ကစပြီးမှ နိုဝင်ဘာလ ၆ ရက်နေ့ ညသန်းခေါင်ယံထိအောင် မဲဆွယ်ခွင့် ရှိတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကကြေညာ ထားပြီးဖြစ်တယ်၊ အဲ့ဒီကာလမတိုင်ခင်မှာ ကိုယ်စားလှယ်လောင်းတွေဟာ ဒီလိုလက် ကမ်းကြော်ငြာ စာရွက်တွေထုတ်မယ်၊ မိမိတို့ဓါတ်ပုံနဲ့ မိမိကိုမဲပေးပါ ဆိုတဲ့ကြေညာချက် မျိုးဟာ ဥပဒေနဲ့ မညီလို့ ဒီအချက်ကို အဓိကထားပြီးကျနော်တို့ တိုင်တန်း တင်ပြရခြင်းဖြစ်ပါတယ်"
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ဒက္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း လယ်/ဆည် ဝန်ကြီး ဦးမြင့်လှိုင်နဲ့ အမျိုးသား လွှတ်တော်မဲဆန္ဒနယ် အမှတ် ၁ဝ က ယှဉ်ပြိုင်မယ့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်း လည်/ဆည် ဝန်ကြီးဌာန ညွန်ချုပ် (အငြိမ်းစား) ဦးကျော်ဝင်း တို့ဟာ ရွေးကောက်ပွဲမှာ သူတို့ကို မဲပေးဖို့အတွက် ထီး၊ ယပ်တောင်တွေမှာ စာရေးပြီး ဝေခဲ့သလို ကျောင်းသုံးပရိဘောဂတွေ၊ ဆန်တွေ၊ ဆီတွေကို မနေ့က ပေးဝေခဲ့ပါတယ်။
ဒါ့အပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအဖြစ် ရွေးကောက်ပွဲဝင်ကြမယ့် ဇေယျာသီရိ မြို့နယ် မဲဆန္ဒနယ်မြေမှာ ဝင်ပြိုင်မယ့် အငြိမ်းစား ဗိုလ်ချုပ်ကြီး လှဌေးဝင်းဟာ ပြီးခဲ့တဲ့ သြဂုတ်လကုန်ပိုင်းမှာ တပ်မတော် က ဆေးတပ်သားတွေကိုအသုံးပြုပြီး ဒေသခံတွေကို ဆေးကုသခဲ့သလို လျှပ်စစ် မီးလင်းရေးအတွက် လှူဒါန်းခဲ့တဲ့ ပုဗ္ဗသီရိမြို့နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ကာကွယ်ရေးဝန်ကြီး အငြိမ်းစား ဦးဝေလွင်တို့ကိုလည်း တိုင်ကြား သွားမယ်လို့ ဦးမင်းသူက ပြောပါတယ်။
အစိုးရငွေကြေးကို ပါတီက ထောက်ပံ့တဲ့ပုံစံမျိုးလုပ်တာဟာ ဥပဒေချိုးဖောက်တာလို့ နေပြည်တော်အင်န်အယ်လ်ဒီ ပါတီ ဥပဒေအထောက်အကူပြုအဖွဲ့က ရှေ့နေ ဦးထွန်းခင်က ပြောပါတယ်။
"အခုအစိုးရအနေနဲ့လုပ်တာတွေကို ပါတီကလုပ်တယ်ဆိုတာမျိုးနဲ့ ပြောနေရင်လည်းအဲ့ဒါ မလျောသြဇာသုံး တာဖြစ်ပါတယ်၊ နောက်ဥပဒေကိုချိုးဖောက်တာ လည်းဖြစ်ပါတယ်၊ အစိုးရငွေကြေးကို ပါတီက ဘဲ ထောက်ပံ့တဲ့ပုံစံမျိုး၊ ကိုယ်စားလှယ်ကထောက်ပံ့တဲ့ပုံစံမျိုးကိုလုပ်နေတာဟာ ဒါမတရား ပါဘူး၊ အစိုးရနဲ့ ပါတီကိုခွဲခြားဖို့လိုပါတယ်၊ ဒါကြောင့်မို့လို့ ဝန်ကြီးတွေဖြစ်ရင်၊ သမ္မတတွေဖြစ်ရင် ပါတီလုပ်ငန်းများကို မလုပ်ရဘူးလို့ ဆိုထားတာဖြစ်ပါတယ်"
နေပြည်တော်ကောင်စီနယ်မြေမှာ ပြည်သူ့လွှတ်တော်အတွက် ၂ နေရာနဲ့ အမျိုးသားလွှတ်တော် ၈ နေရာအတွက် ကိုယ်စားလှယ် စုစုပေါင်း ၄၃ ဦး ပါဝင်ယှဉ်ပြိုင် ကြမှာဖြစ်ပါတယ်။
NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။