မဲရုံတိုင်းမှာ လုံခြုံရေးအတွက် အဆင့် လေးဆင့် ထားရှိ
2015.11.08

ဒီနေ့ ရွေးကောက်ပွဲမှာ လုံခြုံရေးအတွက် မဲရုံတိုင်း အဆင့် လေးဆင့် ထားရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဒုတိယရဲချုပ် သိန်းဦးက ပြောကြားလိုက်ပါတယ်။
အထူးရဲတွေနောက်မှာ နယ်မြေခံရဲတွေက အတွင်းစည်းလုံခြုံရေး တာဝန်ယူထားတယ်လို့ ပြောပါတယ်။
မဲရုံတစ်ရုံနဲ့ တစ်ရုံ လုံခြုံရေးအင်အားချင်း တူမှာမဟုတ်ဘဲ ခွဲဝေနိုင်တဲ့ အင်အားအတိုင်း အတွင်းစည်း-အပြင်စည်း၊ အဝေးစည်း စတာတွေအဆင့်ဆင့်ထားပြီး လုံခြုံရေးတာဝန်ချထားတယ်လို့လည်း ပြောပါတယ်။
မဲရုံအလိုက်က ဗဟိုစည်းဖြစ်ပြီး မဲရုံနဲ့ အနီးဆုံးဖြစ်တဲ့ အနီးစည်းဟာ နယ်မြေရဲစခန်းအပိုင်ဖြစ်တယ်လို့ ဆိုပါတယ်။ အတွင်းစည်းကိုတော့ မြို့နယ်ရဲစခန်းမှူးတွေက တာဝန်ခံ ကွပ်ကဲပါတယ်။
ရွေးကောက်ပွဲနေ့မှာ အရက်ဆိုင်၊ ဘီယာဆိုင်၊ KTV ဆိုင်၊ ညကလပ် စတာတွေ ဖွင့်ခွင့်-ပိတ်ခွင့်ကို သက်ဆိုင်ရာ အုပ်ချုပ်ရေးဌာနက ညွှန်ကြားတယ်လို့ ပြောပါတယ်။
ဝေးလံသီခေါင်တဲ့ ကချင်ပြည်နယ်လိုနေရာမျိုးကို စစ်တပ်ရဟတ်ယာဉ်တွေနဲ့ မဲပြားတွေ ပို့ဆောင်ပေးရတာရှိပြီး လုံခြုံရေးပိုင်းမှာ ရဲအင်အားကနည်းတဲ့အတွက် ရှေ့တန်းတပ်တွေနဲ့ ဆက်စပ်နေတဲ့ နယ်မြေတွေမှာ တပ်တွေက လုံခြုံရေးပံ့ပိုးပေးတယ်လို့လည်း ပြောပါတယ်။
ရွေးကောက်ပွဲကျင်းပချိန်မှာ အမှုအခင်းတစ်စုံတရာ ဖြစ်ပွားလာရင် အထူးရဲက နယ်မြေခံ အနီးကပ်ကြီးကြပ်အရာရှိ ကို သတင်းပေးပို့မယ့်အကြောင်း၊ အဲဒီကတဆင့် မြို့နယ်စခန်းမှူးကို သတင်းပေးပို့ပြီး အမြန်ဆုံး အရေးယူဆောင် ရွက်ဖို့ ညွှန်ကြားထားတဲ့အကြောင်းလည်း ပြောပါတယ်။
အဲဒီနေရာမှာ ရဲချည်းမဟုတ်ဘဲ တာဝန်သိလုပ်သားပြည်သူတွေက သတင်းပေးပို့ဖို့လိုအပ်ပြီး စေ့စပ် ညှိနှိုင်းရေးကော်မတီ၊ လုံခြုံစီမံခန့်ခွဲရေး ကော်မတီတွေလည်းရှိတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဒုတိယရဲချုပ် သိန်းဦးက ပြောကြားပါတယ်။