မဲရုံ ၄၀၀ က ၂၅ ရာနှုန်း မဲစာရင်းကပ်ဖို့ ပျက်ကွက်


2015.11.09
com-620.jpg ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာတွေ့ရှိချက်ကို ရန်ကုန်မြို့မှာ Orchid ဟိုတယ်မှာ နိုဝင်ဘာလ ၉ ရက်နေ့က ဒါနရှေ့ဆောင်မြန်မာအဖွဲ့ ထုတ်ပြန်ကြေညာစဉ်
Photo: Tun Myint/RFA

နိုဝင်ဘာလ ၈ ရက်နေ့ အထွေထွေရွေးကောက်ပွဲမှာ မဲရုံပေါင်း ၄၀၀ ကျော်ကို စောင့်ကြည့်လေ့လာခဲ့ရာမှာ အဲဒီအထဲက မဲရုံ ၂၅ ရာခိုင်းနှုန်းဟာ မဲပေးပိုင်ခွင့် ရှိသူတွေရဲ့ စာရင်းကို ကပ်ထားဖို့ပျက်ကွက်ခဲ့တယ်လို့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခဲ့တဲ့ ဒါနရှေ့ဆောင် (မြန်မာ) အဖွဲ့က ပြောပါတယ်။

ရန်ကုန်မြို့ Orchid ဟိုတယ်မှာ ဒီကနေ့ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။

မဲရုံတချို့မှာ မဲလာထည့်သူတွေရဲ့လက်တွေကို အဝတ်စနဲ့ သုတ်သင်သန့်ရှင်းရေး စီစဉ်မထားလို့ တချို့မဲတွေ ပယ်မဲဖြစ်မယ့်အနေအထားမျိုး တွေ့ရှိခဲ့ သလို၊ လေ့လာသူ တွေအနေနဲ့ မဲထည့်သူစာရင်း သိရှိအောင် ဆောင်ရွက်ဖို့ပျက်ကွက်ခဲ့တယ်လို့ ဒါနရှေ့ဆောင် (မြန်မာ) အဖွဲ့က ဒေါ်ခင်မမမျိုး က ပြောပါတယ်။

"၂၂ ရာခိုင်နှုန်းသော မဲရုံတွေမှာတော့ စာမတတ်သူဆိုရင် လက်ဗွေနှိပ်ရတဲ့အခါမျိုးမှာ အဲ့ဒီလက်ကိုပြန်သုတ်ဖို့၊ အဝတ်ပေါ့နော်၊ ဒါမျိုးတွေပျောက်ဆုံးနေတာ ရှိပါတယ်၊ လက်ကိုမဟုတ်ဘဲနဲ့ မဲစာရွက်ကို ကိုင်လိုက်ရင် ပယ်မဲဖြစ်သွားတဲ့ အနေအထားမျိုး လေးရှိတာပေါ့လေ၊ ဒီလိုမျိုးအခြေအနေလေးတချို့ကို ကျမတို့တွေတွေ့ ရတယ်ပေါ့နော်၊ နောက်တစ်ချက်ကတော့ မဲဆန္ဒရှင် စာရင်းကပ်ထားခြင်းဖြစ်ပါတယ်၊ အဲ့အနေအထားမှာ ဆိုရင်လည်း၊ ကျမတို့စောင့်ကြည့်တဲ့မဲရုံများရဲ့ ၂၅ ရာခိုင်နှုန်းမှာဆိုရင် ကပ်ထားခြင်း မရှိတာတွေကို ကျမတို့တွေတွေ့ရတယ်ပေါ့နော်၊ အဲ့အနေအထားလေးတွေရှိပါတယ်"

ရွေးကောက်ပွဲနေ့က ဒါနရှေ့ဆောင်မြန်မာအဖွဲ့ဟာ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေး၊ ကချင်၊ ကယား၊ ကရင်၊ ရခိုင် စတဲ့ ပြည်နယ် နဲ့ တိုင်းတွေမှာ ရှိတဲ့ မဲရုံပေါင်း ၄၀၀ ကို စောင့်ကြည့်လေ့လာခဲ့တာဖြစ်ပါတယ်။

လာမယ့် ဒီဇင်ဘာလမှာ ကြိုတင်မဲကိစ္စနဲ့ ပတ်သက်ပြီး နောက်ဆုံးအစီရင်ခံစာ အဖြစ် ထုတ်ပြန်သွား မယ်လို့လည်း ပြောပါတယ်။

ဒေါ်ခင်မမမျိုးကို RFA သတင်းထောက် မမိုးကလျာဦးက တွေ့ဆုံမေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။