ပုဏ္ဏားကျွန်းမှာ လက်နက်ကြီးကျည် ထိမှန်လို့ ရွာသား ရှစ်ဦးသေ၊ ကလေး နှစ်ဦးအပါအဝင် ၁၃ ဦးဒဏ်ရာရ


2020.04.13

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာထဲကို လက်နက်ကြီးနဲ့ ကျရောက်ထိမှန်ခဲ့လို့ အရပ်သား ရှစ်ဦးသေဆုံးသွားပြီး ၁၃ ဒဏ်ရာရရှိသွားတယ်လို့ ကျေးရွာသားတွေနဲ့ လူမှုရေးကူညီပေးနေသူတွေက ပြောပါတယ်။

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ကျောက်ဆိပ်ကျေးရွာထဲကို ဒီနေ့မနက် ၈ နာရီခန့်က တပ်မတော်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ကျရောက်ခဲ့လို့ ကျေးရွာသား ရှစ်ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။ ဒီ သေဆုံးသူ ရှစ်ဦးထဲမှာ အသက် ၁၁ နှစ်ကနေ ၂၆ နှစ်အထိ အရွယ်တွေ ပါဝင်ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသား ခုနှစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူတွေထဲမှာ အသက် သုံးနှစ်နဲ့ ခုနှစ်နှစ်အရွယ် ကလေး နှစ်ဦးလည်းပါဝင်ပါတယ်။

ဒဏ်ရာရသူတစ်ဦးရဲ့ဖခင် ဦးမြင့်ဆန်းဦးက အဲဒီလက်နက်ကြီးဟာ ပုဏ္ဏားကျွန်းမြို့မှာရှိတဲ့ တပ်မတော်တပ်ရင်း ကနေ ပစ်ခတ်တာလို့ ပြောပါတယ်။

“လက်နက်ကြီးကျလို့ ကားလမ်းမပေါ်မှာ လမ်းထွက်လျှောက်နေသူတွေ သေကြေ ထိခိုက်တာပါ။ အဲဒီလက်နက်ကြီးက အမှတ်- ၅၅၀ တပ်ရင်းကနေပစ်တာပါ”

ရွာကိုလက်နက်ကြီးနဲ့ ၃ ချက်ခန့် ပစ်ခတ်ခံရပြီး ကားလမ်းမပေါ် ကျရောက်ပေါက်ကွဲတဲ့အချက်မှာ လူတွေ အစုလိုက် အပြုံလိုက် သေကြေထိခိုက်ခဲ့တာလို့ ကျေးရွာသားတွေက ပြောပါတယ်။ ကျောက်ဆိပ်ကျေးရွာဟာ ပုဏ္ဏားကျွန်းမြို့ရဲ့မြောက်ဘက် နှစ်မိုင်ခန့်ဝေးပြီး စစ်တွေ-ရန်ကုန်ကားလမ်းမပေါ်မှာ ရှိတဲ့ရွာဖြစ်ပါတယ်။

လက်နက်ကြီးပေါက်ကွဲတဲ့နေရာမှာ လူ လေးဦး ပွဲချင်းပြီး သေဆုံးပြီး ကနဦးဒဏ်ရာရသူ ၁၇ ဦးကို ဆေးရုံကို ပို့ ဆောင်လိုက်ပြီးနောက် ပုဏ္ဏားကျွန်းဆေးရုံမှာ နှစ်ဦး၊ စစ်တွေဆေးရုံကို ပို့ဆောင်စဉ် လမ်းခုလတ်မှာ နှစ်ဦး ထပ်မံသေဆုံးခဲ့တာလို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

စစ်တွေဆေးရုံကို အရေးပေါ်သယ်ယူလာစဉ် စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်မှာ တပ်မတော်နဲ့ ရဲပူးပေါင်းအဖွဲ့ရဲ့ အချိန် နှစ်နာရီနီးပါးအကြာ စစ်ဆေးခံနေရချိန်အတွင်း သေဆုံးသွားခဲ့ရတာလို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

လူနာတွေကို ပို့ဆောင်လာတဲ့ ပုဏ္ဏားကျွန်းမြို့ နာရေးကူညီမှုအသင်းက ဦးမောင်နိုင်က စစ်ဆေးရေးဂိတ်ကို အမြန်ဆုံးဖြတ်သန်းခွင့်ရရေးအတွက် တပ်မတော်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ပြောပြခဲ့ပေမယ့် ငြင်းဆိုခံခဲ့ရတယ်လို့ ပြောပါတယ်။

“ဆရာဝန်က ကျွန်တော့ကိုမှာလိုက်တာက ဒီလူနာဟာ အသည်းအသန်ဖြစ်နေတယ် အချိန်မရွေး ဆုံးသွားနိုင်တယ်လို့ မှာလိုက်တာ။ ဒီအကြောင်း စစ်ဆေးရေးဂိတ်မှာပြောပြတော့ စစ်ဆေးရမှာကလွဲပြီး ကျန်တဲ့ကိစ္စ သူတို့နဲ့ဘာမှမဆိုင်ဘူးလို့ ပြန်ပြောပါတယ်။ ပထမတော့ လူနာက အသက်ရှိပါသေးတယ်။ ဂိတ်မှာ စစ်ရင်းစစ်ရင်းနဲ့ လူနာအခြေအနေက တဖြည်းဖြည်းဆိုးလာတော့ အဲဒါကို ထပ်ပြောပေမယ့် သူတို့က လက်မခံပါဘူး”

စစ်တွေ-ပုဏ္ဏားကျွန်း-ကျောက်တော်-မြောက်ဦး ကားလမ်းမတစ်လျှောက်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့က အေအေအဖွဲ့နဲ့ပတ်သက်လို့ စစ်ဆေးရေးဂိတ်တွေ အတန်တန်ဖွင့်ပြီး မော်တော်ကားတိုင်းကို စစ်ဆေးမှုတွေ လုပ်နေတာပါ။

ဒီနေ့ ဒဏ်ရာရလူနာတွေအတွက် အကူအညီပေးနေတဲ့ ရွှေရောင်မေတ္တာ လူမှုကူညီရေးအသင်းက ကိုဇေယျာလင်း က အရေးကြီးလူနာတွေ အချိန်မီ ဆေးကုသခွင့်ရရှိရေး တာဝန်ရှိသူ အာဏာပိုင်တွေက ကူညီ စီစဉ်ဆောင်ရွက်ပေးဖို့ လိုပါတယ်လို့ ပြောပါတယ်။

“ဒီပြဿနာတွေကို အထက်လူကြီးတွေက ဒါတွေကို နည်းနည်း ဖြေလျှော့ပေးဖို့ လိုပါတယ်။ အထူးသဖြင့် ဒီလို အရေးပေါ်လူနာတွေကို နည်းနည်းစစ်ဆေးပြီး ချက်ချင်းဖြတ်သန်းခွင့်ပြုပါလို့ပဲ တောင်းဆိုချင်ပါတယ်”

ဒဏ်ရာရရှိသူ ၁၃ ဦးထဲက ၁၀ ဦးဟာ ပုဏ္ဏားကျွန်းဆေးရုံမှာ ဆေးကုသမှုခံယူနေရပြီး နောက်ထပ် သုံးဦး ကလည်း ဒဏ်ရာပြင်းထန်လို့ စစ်တွေဆေးရုံမှာ အတွင်းလူနာအဖြစ် ကုသမှုခံယူနေရပါတယ်။

သေဆုံးဒဏ်ရာရသူတွေရဲ့ဦးလေးတစ်ဦးဖြစ်တဲ့ ဦးသိန်းမောင်အေးက ကျေးရွာထဲကို အခုလိုပစ်ခတ်ခံရတဲ့ ကိစ္စကို လက်မခံနိုင်ပါလို့  RFA ကိုပြောပါတယ်။

“နိုင်ငံတော်အကြီးအကဲတွေကို ပြောချင်တာက မြန်မာ့တပ်မတော်နဲ့ အေအေ တို့ သူတို့ဟာသူတို့ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာပြည်သူလူထုနဲ့ ဘာမှမဆိုင်ပါဘူး။ ဘာမှမပတ်သက်ဘူး။ တိုက်ပွဲဖြစ်နေတဲ့ ကြားထဲမှာ ပါသွားတာမျိုးက အကြောင်းမဟုတ်ဘူး။ အခုက ရွာကို တမင်သက်သက်ပစ်နေတာ။ ဒါကို လုံးဝကျေနပ်မှုမရှိဘူး။ ကျေနပ်မှုလုံးဝမရဘူး အဲဒါကိုပဲပြောချင်တယ်”

ဒီနေ့မနက်က ဖြစ်ရပ်နဲ့ပတ်သက်လို့ ရက္ခိုင့်တပ်တော်(AA)ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့ ကျောက်ဆိပ်မှာ အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိဘူးလို့ RFA ကို ဒီနေ့ ဖြေကြားပါတယ်။ ဒီနေ့ ပုဏ္ဏားကျွန်းလုပ်ရပ်ဟာ အစိုးရ တပ်မတော်က ရခိုင်လူမျိုးတွေအပေါ်  ပစ်မှတ်ထား တိုက်ခိုက်နေတယ်ဆိုတာ သက်သေပြနေတယ် လို့လည်း ခိုင်သုခက ပြောကြားပါတယ်။

ဒီနေ့ ပုဏ္ဏားကျွန်း ပစ်ခတ်မှုနဲ့ပတ်သက်လို့ တပ်မတော်ဘက်က တုံ့ပြန်ပြောကြားချက်ကို သိရှိနိုင်ဖို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကို အခုညနေပိုင်းမှာ အကြိမ်ကြိမ် ထပ်မံဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့ မရသေးပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ပြောခွင့်ရသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အကြောင်းမဲ့ အရပ်သားကျေးရွာတွေကို ပစ်မှတ်ထား ပစ်ခတ်တာမျိုးမရှိကြောင်း၊ AA အဖွဲ့က ကျေးရွာတွေထဲကနေ အရပ်သား အသွင်ယူ ပစ်ခတ်တာတွေကို တပ်ဘက်က ပြန်လည်ပစ်ခတ်တာတွေရှိကြောင်း၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့က RFA ကို ဖြေကြားထားပါတယ်။

RFA က ရရှိခဲ့တဲ့ အချက်အလက်တွေအရ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ကနေ ဒီနေ့ ဧပြီလ ၁၃ ရက်နေ့အထိ အထိ အချိန် တစ်လကျော်ကာလမှာ သေဆုံးတဲ့ အရပ်သား ၈၀ ခန့်ရှိနေသလို ထိခိုက် ဒဏ်ရာရသူဟာလည်း ၁၉၀ ကျော်အထိရှိနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။