ပုဏ္ဏားကျွန်းမှာ ပေါက်ကွဲမှုကြောင့် စစ်ဘေးဒုက္ခသည် ကလေးတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ

RFA Burmese
2023.10.09
ပုဏ္ဏားကျွန်းမှာ ပေါက်ကွဲမှုကြောင့် စစ်ဘေးဒုက္ခသည် ကလေးတစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ ပုဏ္ဏားကျွန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့က စစ်ကျန်လက်နက်ပစ္စည်းတစ်ခု ပေါက်ကွဲမှုကြောင့် ဂဏန်းတောင်စစ်ဘေးဒုက္ခသည်စခန်းမှ ဒဏ်ရာရရှိသွားသည့် ကလေးတစ်ဦးအား တွေ့ရစဉ်။
Citizen Journalist

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် မီးရထားဘူတာအနီးမှာ အောက်တိုဘာလ ၈ ရက်နေ့က မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းတစ်ခု ပေါက်ကွဲတာကြောင့် ဂဏန်းတောင် စစ်ဘေးဒုက္ခသည် စခန်းမှာနေထိုင်တဲ့ အသက်ဆယ်နှစ်အရွယ် ကလေး တစ်ဦး သေဆုံးပြီး နှစ်ဦး ဒဏ်ရာ အပြင်းအထန်ရခဲ့ပါတယ်။

အောက်တိုဘာလ ၈ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်က အဲဒီစစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်တဲ့ မောင်နေတိုးဟိန်း၊ မောင်မျိုးချစ်ဦးနဲ့ မောင်မျိုးဇော်လင်းတို့ဟာ ယိုးတရုတ် မီးရထားဘူတာအနီး ကစားနေကြချိန် ပေါက်ကွဲခဲ့တာလို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

မောင်နေတိုးဟိန်းကတော့ နေရာမှာတင်သေဆုံးခဲ့ပြီး မောင်မျိုးချစ်ဦးနဲ့ မောင်မျိုးဇော်လင်း က ဒဏ်ရာပြင်းထန် တာကြောင့် ယိုးတရုတ် တိုက်နယ်ဆေးရုံကနေတစ်ဆင့် စစ်တွေမြို့ ပြည်သူ့ ဆေးရုံကြီးထံ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ စစ်ဘေးဒုက္ခသည် တစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီပေါက်ကွဲမှုဖြစ်ခဲ့တဲ့နေရာမှာ အရင်တုန်းက တိုက်ပွဲဖြစ်ခဲ့တာလည်း မရှိခဲ့ဘူး။ အဲဒီ မီးရထားဘူတာ၊ စာသင်ကျောင်း အောင်ဆုပန်ဘုရားတွေမှာ စစ်ကောင်စီတပ်က တပ်စွဲလို့နေခဲ့တာရှိတယ်။ ကလေးတွေကလည်း အဲဒီမီးရထားလမ်းမှာ နေစဥ်နဲ့အမျှ ကျောက်ခဲတွေနဲ့ ဆော့ကစာနေကြတာဆိုတော့ ကစားနေကြရင်း အဲဒီဗုံးသီးကို တွေ့လို့ ထုကြတာထင်ပါတယ်”

ပေါက်ကွဲခဲ့တဲ့အရာဟာ လက်ပစ်ဗုံးဖြစ်နိုင်တယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေက ပြောပေမယ့် မြေမြှုပ်မိုင်းလား၊ လက်ပစ်ဗုံးလားဆိုတာနဲ့ ဘယ်အဖွဲ့ရဲ့ ပစ္စည်းလဲ ဆိုတာကိုတော့ RFA အနေနဲ့ သီးခြားအတည်မပြု နိုင်သေးပါဘူး။

သေဆုံး၊ ဒဏ်ရာရခဲ့တဲ့ ကလေးတွေကတော့ ၂၀၂၂ ခုနှစ်၊ ဩဂုတ်လက ရခိုင်မှာဖြစ်ခဲ့တဲ့ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီတပ်ရဲ့ တစ်ကျော့ပြန်တိုက်ပွဲပြင်းထန်ခဲ့ချိန်က မိသားစုတွေနဲ့အတူ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒေါရွာကနေ အဲဒီစစ်ဘေးဒုက္ခသည်စခန်းကို ထွက်ပြေးလာကြတာလို့ ဆိုပါတယ်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့ကလည်း မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ရွာက ငါးတန်း ကျောင်းသားတစ်ဦး ရွာအနီးမှာ ငှက်ကိုင်းထောင်ဖို့သွားချိန် မြေမြှုပ်မိုင်းနင်းမိတာကြောင့် သေဆုံးခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။