ပုဏ္ဏားကျွန်းမှာ အရပ်သားနှစ်ဦး မိုင်းနင်းမိလို့ ဒဏ်ရာပြင်းထန်


2020.05.24

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲအုပ်စု ကံသစ်ကျေးရွာ အနောက်ဘက် နှစ်မိုင်ဝန်းကျင် လောက်အကွာမှာ ဒီနေ့မွန်းလွဲပိုင်းက ဒေသခံနှစ်ဦး မိုင်းနင်းမိတဲ့အတွက် ခြေထောက်တွေ ဆုံးရှုံးခဲ့ပါတယ်။

မိုင်းနင်းမိတဲ့ဒေသခံနှစ်ဦးဟာ အသက် ၄၀ အရွယ် ဦးထွီးအောင်နဲ့ အသက် ၄၂ နှစ်အရွယ် ဦးအောင်ဇံဝေ တို့ဖြစ်ကြပါတယ်။

ဦးထွီးအောင်ဟာ ဒီနေ့မနက်ပိုင်းက တောင်ကိုသစ်ခုတ်ဖို့ထွက်သွားပြီးနောက် မိုင်းနင်းမိတာဖြစ်ပြီး ဦးအောင်ဇံဝေကတော့ ဦးထွီးအောင်ကို ကယ်ထုတ်ဖို့အတွက် ရွာသားတွေနဲ့အတူ အခင်းဖြစ်တဲ့ နေရာကို သွားရာမှာ နောက်ထပ်မိုင်းတစ်လုံးကို နင်းမိခဲ့တာလို့  ကျေးရွာလူကြီးတွေနဲ့ ရွာသားတွေက ပြောပါတယ်။

နှစ်ယောက်စလုံး ခြောက်ထောက်တစ်ဖက်စီ ပြတ်သွားတယ်လို့ ကံသစ်ကျေးရွာလူကြီးတစ်ဦး ဖြစ်တဲ့ ဦးကျန်ထွန်းအောင်က RFA ကို ပြောပါတယ်။

“မိုင်းနင်းမိတဲ့ ဦးထွီးအောင်ဟာ ဒီနေ့မနက်က သစ်ခုတ်ဖို့ဆိုပြီး ထွက်သွားတာ။ ၁၂ နာရီခွဲလောက်မှာ မိုင်းပေါက်သံတစ်ချက် ကျွန်တော်တို့ ကြားလိုက်ရတယ်။ မိုင်းထိသွားတယ် ဆိုပြီးတော့ တစ်ယောက်က သတင်းပေးလာတယ်။ ကျွန်တော်တို့လည်း ချက်ခြင်းသွားတာပေါ့။ အဲဒီမှာ မိုင်းထိတဲ့နေရာကို ကျွန်တော်တို့ရောက်တာနဲ့ ကျွန်တော်တို့နဲ့ နောက်ကလိုက်လာတဲ့ အဖွဲ့မှာ မိုင်းနောက်တစ်လုံး ထပ်ထိတယ်။ ပထမလူရဲ့ နာမည်က ဦးထွီးအောင်ပါ။ သူ့ရဲ့ ဘယ်ဘက်ခြေထောက် ပြတ်သွားတယ်။ ဒုတိယထိတဲ့လူ ဦးအောင်ဇံဝေမှာတော့ ညာဘက်ပေါင်ကနေ ခြေတစ်ချောင်းလုံး ပြတ်ထွက်သွားတယ်”


ဒဏ်ရာရသူနှစ်ဦးကို ပုဏ္ဏားကျွန်းဆေးရုံကို အရေးပေါ်ပို့ဆောင်ခဲ့ရပါတယ်။

အခုမိုင်းနင်းမိတဲ့ တောင်တန်းဝန်းကျင်မှာ ပြီးခဲ့တဲ့နှစ် မတ်လလောက်က ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့ အကြား ၁၁ ရက်နီးပါးကြာအောင် တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာ ဖြစ်တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီမိုင်းဟာ ဘယ်အဖွဲ့ကထောင်ထားတဲ့ မိုင်းလဲဆိုတာကို တိတိကျကျ မသိရပေမယ့် တပ်မတော်ရဲ့လက်ချက် ဖြစ်နိုင်တယ်လို့ ဒေသခံတွေ အကြားမှာ ပြောဆိုနေကြတဲ့အကြောင်း ရွာသားတစ်ဦးဖြစ်တဲ့ ကိုခိုင်သူမင်းက ပြောပါတယ်။

“ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ၊ ပုဏ္ဏားကျွန်းမြို့နယ် ဗုဒ္ဓေါတို့၊ ကျောက်တော်မြို့နယ် ချောင်းတူတို့ ဆိုတာက ဒီပတ်ဝန်းကျင်မှာ ၁၁ ရက်တိုင်တိုင် တိုက်ပွဲဖြစ်ခဲ့တာ။ ဒီနေရာတွေက တိုက်ပွဲဖြစ်တဲ့နေရာဆိုတော့ မိုင်းရှိမှာပဲလေ။ အခုနင်းတဲ့မိုင်းမှာ သံစတွေတွေ့ရတယ်။ ဘောစိတို့ဘာတို့တော့ မတွေ့ရဘူး။ အဖြစ်နိုင်ဆုံး ကတော့ တစ်ဖက်သတ်စွပ်စွဲတာတော့မဟုတ်ဘူး မြန်မာ့တပ်မတော်ဘက်က ထောင်တဲ့မိုင်းလို့ပဲ ကျွန်တော်တို့ ထင်နေကြတာ”


ဒေသခံတွေပြောဆိုချက်နဲ့ပတ်သက်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို RFA ကမေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော် (AA) နဲ့ တပ်မတော်တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေတာနဲ့အမျှ မိုင်းကြောင့် ကိုယ်လက်အင်္ဂါဆုံးရှုံးတာ၊ အသက်သေဆုံးတာ စတဲ့ဖြစ်စဉ် ၂၀ ထက်မနည်း ရှိနေတယ်လို့ ဒေသခံ လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လတ်က... အစိုးရအနေနဲ့ မိုင်းရှင်းလင်းရေးနဲ့ပတ်သက်လို့ ဆောင်ရွက်ဖို့ လိုနေပြီလို့ပြောပါတယ်။

“မိုင်းအန္တရာယ်ကတော့ တစ်နေ့ထက်တစ်နေ့ ကြီးထွားလာတယ်။ မြို၊ ခမီကျေးရွာတွေက တောနားတောင်နား တွေမှာ ရှိတာ။ သူတို့ဘဝကလည်း တောတောင်ကိုမှီပြီးမှ လုပ်ကိုင်စားသောက်ရတာ။ တောထဲကိုမဝင်လို့ကို မရဘူး။ သူတို့ဝင်ရတယ်။ အဲလိုဝင်ရတဲ့အခါမှာ ဒီလိုတိုက်ပွဲဖြစ်တဲ့နေရာမှာ မိုင်းတွေက ကျန်ခဲ့တာရှိတယ်။ နောက်ပြီး တပ်စခန်းတွေရှိတဲ့နေရာတွေနားမှာလည်း မိုင်းတွေက ပိုပြီးတော့ ထူထပ်တယ်။ ... ဆိုတော့ တောထဲကိုသွားတဲ့လူတွေက အန္တရာယ်များတယ်။ အစိုးရအနေနဲ့ကလည်း ဒီမိုင်းရှင်းလင်းရေးကိစ္စကို လုပ်ပေးရမယ့် တာဝန်ရှိတယ်။ အစိုးရတစ်ဖွဲ့တည်းနဲ့ မနိုင်ရင် နိုင်ငံတကာအကူအညီကို ယူပြီးတော့ မိုင်းရှင်းလင်းရေးတွေကို ပူးပေါင်းပြီးလုပ်ဆောင်ရမှာဖြစ်တယ်”

RFA က ရရှိထားတဲ့ အချက်အလက်တွေအရ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အခုနှစ် ဇန်နဝါရီလကနေ မနေ့က မေလ ၂၃ ရက်နေ့အထိ တိုက်ပွဲတွေကြောင့် သေဆုံးတဲ့ အရပ်သား ၁၄၈ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၃၄၈ ဦး ရှိခဲ့ပါတယ်။

ဒီနေ့မှာတော့ ထိခိုက်ဒဏ်ရာရသူ နှစ်ဦး ထပ်တိုးလာတာကြောင့် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၃၅၀ အထိ ရှိလာနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။