တပ်သိမ်းမြေ ပြန်စွန့်လွှတ်ပေး ဖို့ တောင်းဆို


2017.05.08
poaknarkyun-land-620.jpg စစ်တွေမြို့အခြေစိုက် အမှတ်-၉၀၈၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းကသိမ်းဆည်းထားတဲ့ စားကျက်မြေကို တွေ့ရစဉ်
Photo: ဒေသခံတစ်ဦး

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်က ပန်းနီလာနဲ့ ကြံခင်းကျေးရွာမှာ စစ်တွေမြို့အခြေစိုက် အမှတ်-၉၀၈၊ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်းက သိမ်းဆည်းထားတဲ့ စားကျက်မြေဧက ၁၁၀ ကို ပြန်လည်စွန့်လွှတ်ပေးဖို့အတွက် ပြည်ထောင်စုလွှတ်တော်၊ လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို တောင်သူ ၃၀၀ ကျော်က လက်မှတ်ရေးထိုး တောင်းဆိုလိုက်ပါတယ်။

မေလ ၅ ရက်နေ့ ရက်စွဲနဲ့ စာပေးပို့လိုက်တာဖြစ်ပြီး ပြီးခဲ့တဲ့ဧပြီလအတွင်းက အဲဒီစားကျက်မြေတွေကို ပြန်လည် သီးစားချငှားရမ်းဖို့ တပ်ကလာရောက်ပြောဆိုတာကြောင့် အခုလို လက်မှတ်ရေးထိုး တောင်းဆိုရတာလို့ ပန်းနီလာကျေးရွာက တောင်သူ ဦးလှဝင်းမောင် ကပြောပါတယ်။

အဲဒီစားကျက်မြေဧက ၁၁၀ ကို အမှတ်-၉၀၈၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းက ၁၉၉၉ ခုနှစ်မှာ တပ်ပိုင်မြေအဖြစ် သိမ်းဆည်းခဲ့တာဖြစ်ပြီး ၂၀၀၂ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်အထိ လယ်တစ်ဧကကို စပါး ၁၂ တင်းနှုန်းနဲ့ တောင်သူတွေ ကို ၁၀ နှစ်ကြာ ပြန်လည်သီးစားချထားပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၁၂ ခုနှစ်ကနေ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်အထိ ပလပ်မြေအဖြစ် ထားရှိခဲ့ရာကနေ ပြီးခဲ့တဲ့ ဧပြီလအတွင်းက အမှတ်-၉၀၈ ၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း က တောင်သူတွေကို ပြန်လည်သီးစားချထားပေမယ်လို့ လာရောက်ပြောဆိုခဲ့တာဖြစ်တယ်လို့လည်း တောင်သူတွေကပြောပါတယ်။

တပ်မတော်က စားကျက်မြေကို လယ်ယာမြေအဖြစ် အသုံးပြုခဲ့ကြတာကြောင့် ကျွဲ၊နွားတွေ ထိန်းကျောင်းဖို့အတွက် အခက်အခဲဖြစ်ခဲ့ရတယ် လို့လည်း ပြောပါတယ်။

တောင်သူတွေရဲ့ တောင်းဆိုစာကို နိုင်ငံတော်သမ္မတ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ထံကိုလည်း ပေးပို့ထားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။