ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း ကွန်ပျူတာ သင်တန်းကျောင်း မီးလောင်

မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပါးမြို့မှာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း အခမဲ့ ကွန်ပျုတာ သင်တန်းကျောင်း နိုဝင်ဘာလ ၁၂ ရက် မနေ့ညပိုင်းက မီးလောင်ကျွမ်းခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ည ၈ နာရီခွဲလောက်က စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ရှို့မီးလို့ယူဆရကြောင်း အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။
"လောင်တာက ခန့်မှန်းခြေ ည ၈ နာရီခွဲ ၉ နာရီလောက်ကပေါ့နော်။ သွားတော့ ကြည့်လို့မရဘူး။ သူတို့တွေ ရှိနေတဲ့အတွက်ကြောင့်ပေါ့နော်။ မီးလောင်တာကတော့ သိပ်မကြီးဘူး။ ပတ်ချာလည်ကို ဓာတ်ဆီလောင်ပြီး မီးရှို့တာမျိုး ထင်တယ် "
အဲဒီမီးလောင်ကျွမ်းမှုဟာ ၁ နာရီကြာပြီးနောက် မီးငြိမ်းသတ်သူမရှိဘဲ မီးငြိမ်းသွားခဲ့တယ်လို့လည်း ပြောပါတယ်။
ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ အခမဲ့ ကွန်ပျုတာ သင်တန်းကျောင်းဟာ ပုပ္ပါး-ကျောက်ပန်းတောင်းသွားရာ သုံးထပ်ကွေ့လမ်းရဲ့ အပေါ်ဆုံး ကျွန်းတောကွေ့မှာ တည်ရှိပြီး ဖေဖော်ဝါရီ ၁ ရက်နေ့ နောက်ပိုင်းကတည်းက ပိတ်ထားတယ်လို့ အဲဒီဒေသခံက ဆိုပါတယ်။
ဒီဖြစ်ရပ်အတွက် ပျုစောထီးအဖွဲ့က လုပ်ဆောင်တာလို့ ဒေသခံတွေက စွပ်စွဲနေတာမျိုး ရှိပေမဲ့ RFA အနေနဲ့တော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။