မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ ငြိမ်းချမ်းရေး ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီးပြောကြား


2017.11.28
dassk-pope-622.JPG ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကို နိုဝင်ဘာလ ၂၇ ရက်နေ့က နေပြည်တော် မှာတွေ့ရစဉ်
Photo: Kyaw Zaw Win/RFA

ငြိမ်းချမ်းရေးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်ဖြစ်ကြောင်း  မြန်မာနိုင်ငံကို ၃ ရက်ကြာ ရောက်ရှိလာတဲ့ ပုပ်ရဟန်း မင်းကြီး ဖရန်စစ် Pope Francis က ပြောကြားလိုက်ပါတယ်။

ဒီကနေ့ နေပြည်တော်မှာရှိတဲ့ MICC-2 ခန်းမမှာ ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

အစိုးရက  ကြိုးပမ်းနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ၂၁ရာစု ပင်လုံညီလာခံဟာ အကြမ်းဖက်ခြင်းကို ချုပ်ငြိမ်းစေ ရန်ဖြစ်တယ်လို့ သူ့အနေနဲ့ ယုံကြည်ကြောင်း ပြောသလို အဲဒီလို ငြိမ်းချမ်းရေးရဖို့အတွက်ဆိုရင် အားလုံးဟာ တရားမျှတမှုနဲ့ လူ့အခွင့်အရေးကို လေးစားမှသာ ရနိုင်မယ်လို့လည်း ပြောလိုက်ပါတယ်။

မတူညီတဲ့ ဘာသာ ယုံကြည်မှုတွေဟာ မြန်မာနိုင်ငံကို ချိနဲ့စေတာ မဟုတ်ဘဲ တိုင်းပြည်ရဲ့ ခွန်အားဖြစ်တယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံရဲ့ တန်ဖိုးအရှိဆုံး အဖိုးတန်ရတနာဟာ မြန်မာနိုင်ငံ ရဲ့ ပြည်သူလူထုဖြစ်ကြောင်း ဒါပေမဲ့ ပြည်သူတွေဟာ နှစ်ပေါင်းများစွာကြာ ပဋိပက္ခတွေကို ခံစားနေရ ဆဲဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေချိန်မှာ အတိဒုက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုသရေးနဲ့ ကျေအေးရေးကိစ္စဟာ အရေးကြီးဆုံး နိုင်ငံရေးနဲ့ ဘာသာရေး ဦးစားပေး လုပ်ငန်းစဉ်တွေထဲက အမြင့်မားဆုံး လုပ်ငန်းစဉ်ဖြစ်ကြောင်းပြောပါတယ်။ လက်ရှိအစိုးရရဲ့ ငြိမ်းချမ်းရေးရရှိဖို့  ကြိုးပမ်းမှုတွေကိုလည်း နှစ်သက်အားရကြောင်း ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အနာဂတ်ဟာ လက်ထဲမှာရှိတဲ့အတွက် သူတို့ကို ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံအပေါ် မေတ္တာထား၊ အတူတကွ လက်တွဲလုပ်ဆောင်နိုင်တဲ့ အရည်အချင်းတွေကိုလည်း သင်ကြားပေးဖို့ လိုအပ်ကြောင်းကိုလည်း ပြော ပါတယ်။

ပုပ်ရဟန်းမင်း မြန်မာနိုင်ငံခရီးစဉ် မစခင်က နိုင်ငံတကာ သတင်းမီဒီယာတွေမှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး တစ်စုံတခုပြောမယ်လို့ ခန့်မှန်းရေးသားကြပေမယ့် သူ့ရဲ့မိန့်ခွန်းထဲမှာ ရိုဟင်ဂျာ ဆိုတာလည်း မပါသလို ရခိုင်ပြည်နယ်အရေးကိုလည်း သီးသန့်ပြောဆိုတာမရှိပါဘူး။

သူ့ရဲ့ခရီးစဉ်ဟာ မြန်မာနိုင်ငံက ကက်သလစ်ဘာသာဝင်တွေနဲ့ အတူတကွ ဆုတောင်းဖို့အပြင် မြန်မာနိုင်ငံ မှာ နေထိုင်သူအားလုံးနဲ့ ရင်းနှီးစွာ တွေ့ဆုံဖို့ဖြစ်တယ်လို့ ပြောပါတယ်။ ပုပ်ရဟန်းမင်းကြီးဟာ မနက်ဖြန် မနက်ပိုင်းမှာ ရန်ကုန်မြို့က ကျိုက္ကဆံကွင်းမှာ ဆုတောင်းပွဲ ပြုလုပ်မှာဖြစ်ပြီး အဲဒီပွဲကို ကက်သလစ်ဘာသာဝင် တစ်သိန်းကျော်လောက်အထိ တက်ရောက် ဆုတောင်းကြမှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းဟာ မြန်မာနဲ့ ဗါတီကန်ကြား သံတမန်ဆက်ဆံရေး တည်ဆောက်ပြီးတဲ့ ၆လအကြာမှာ မနေ့က ရန်ကုန်မြို့ကို ရောက်ရှိခဲ့တာဖြစ်ပြီး မနေ့ညက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သီးသန့်တွေ့ဆုံခဲ့သလို ဒီကနေ့ နေပြည်တော်ကို ရောက်ရှိပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်နဲ့အတူ ဂုဏ်ပြုတပ် ဖွဲ့ရဲ့  အလေးပြုခြင်းကို ခံယူခဲ့ပါတယ်။ မနက်ဖြန် ဆုတောင်းပွဲအပြီးမှာ သံဃမဟာနာယက ဆရာတော်ကြီးတွေနဲ့ လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒီကနေ့ အခမ်းအနားကို တပ်မတော်အရာရှိကြီးတွေ၊ အစိုးရဝန်ကြီးဌာနအသီးသီး က အရာရှိတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေ၊ကျောင်းသူ ကျောင်းသားတွေနဲ့ သံတမန်တွေ တက်ရောက် နားထောင်ခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။