ပုပ်ရဟန်းမင်းကြီးကို ကက်သလစ်ဘာသာဝင် သောင်းနဲ့ချီ ကြိုဆို


2017.11.27
pope-francis-622.jpg ရန်ကုန်မြို့ကိုရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကို နိုဝင်ဘာလ ၂၇ ရက်နေ့က တွေ့ရစဉ်
Photo: Htet Arkar/ RFA

ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီး Francis ကို သောင်းနဲ့ချီတဲ့ ကက်သလစ်ဘာသာဝင်တွေက သတ်မှတ်ထားတဲ့နေရာ ၆ ခုမှာ  ကြိုဆိုခဲ့ကြပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ဟာ ၄ ရက်တာ ကြာမြင့်မယ့် သမိုင်းဝင်ခရီးစဉ်အဖြစ် ဒီနေ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။ ပုပ်ရဟန်းမင်းကြီးကို တိုင်းရင်းသားရိုးရာအကတွေ တီးခတ်ဖျော်ဖြေမှုတွေနဲ့ လာရောက်ကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။

လေဆိပ်ကနေ အနားယူမယ့်နေရာဖြစ်တဲ့ သိမ်ဖြူလမ်းတစ်လျှောက်မှာ ရန်ကုန်လေဆိပ်ရှေ့၊ ပြည်လမ်းပေါ်က ၉ မိုင်၊ ၇ မိုင်၊ တံတားဖြူ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရရှေ့နဲ့ ဗိုလ်ချုပ်လမ်းမပေါ် ဆာကူရာတာဝါရှေ့တို့မှာ နေရာ ၆ နေရာ သတ်မှတ်ထားတာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ မြန်မာနိုင်ငံခရီးစဉ်အပေါ် ငြိမ်းချမ်းရေးရရှိဖို့၊ ဘာသာပေါင်းစုံငြိမ်းချမ်းဖို့ ကြိုဆိုသူတွေက မျှော်လင့်နေကြပါတယ်။

ပုပ်ရဟန်းမင်းကြီး Francis ဟာ နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ဖြန်မှာ နေပြည်တော်ကိုသွားရောက်မှာဖြစ်ပြီး နိုင်ငံတော်သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ အစိုးရအဖွဲ့ဝင်တွေ၊ သံတမန်တွေနဲ့တွေ့ဆုံမှာဖြစ်ပြီး နေပြည်တော် မြန်မာ ကွန်ဗင်းရှင်းစင်တာ(၂)မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ တာမွေမြို့နယ်မှာရှိတဲ့ ကျိုက္ကစံအားကစားကွင်းမှာ တစ်နိုင်ငံလုံးက ကက်သလစ်ဘာသာဝင်တွေနဲ့ တွေ့ဆုံပြီး ဆုတောင်းမေတ္တာပို့မှာဖြစ်ကာ နိုင်ငံတော်သံဃာ့ မဟာနာယက ဆရာတော်တွေ၊ ဘာသာရေး ခေါင်းဆောင်တွေ၊ လူငယ်တွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ရိုမန်ကက်သလစ်ဘာသာဝင်တွေနဲ့ တွေ့ဆုံပြီးတဲ့နောက် ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆက်လက်ထွက်ခွာမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။