စစ်ကောင်စီ သန်းခေါင်စာရင်းကောက်ယူမှုအတွက် မပံ့ပိုးနိုင်ကြောင်း UNFPA ပြော
2023.12.22

စစ်ကောင်စီရဲ့ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်ကို လက်ရှိ နိုင်ငံရေးနဲ့ ပဋိပက္ခတွေကြောင့် ပံ့ပိုးနိုင်မှာမဟုတ်ဘူးလို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) ရဲ့ အာရှ-ပစိဖိတ် ဒေသဆိုင်ရာရုံး ညွှန်ကြားရေးမှူး Pio Smith က စစ်ကောင်စီကို အတည်ပြုပြောကြားထားကြောင်း UNFPA က ဒီဇင်ဘာ ၂၀ ရက်နေ့က ထုတ်ပြန်ပါတယ်။
Pio Smith ရဲ့ သုံးရက်ကြာ မြန်မာခရီးစဉ်အတွင်း ဒီဇင်ဘာ ၁၉ ရက်နေ့က နေပြည်တော် မှာ စစ်ကောင်စီရဲ့ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးလွင်ဦးနဲ့ တွေ့ဆုံဆွေးနွေးချိန်မှာ အခုလို အတည်ပြုပြောကြားခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ UNFPA ရဲ့ သတင်းအချက် စုဆောင်းရာမှာ ပွင့်လင်းမြင်သာမှု၊ ဘက်မလိုက်မှုနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ မူတွေအရ အခုလိုဆုံးဖြတ်တာလို့လည်း ဆိုပါတယ်။
စစ်ကောင်စီဟာ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်းစာရင်းကောက်ယူမှုကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့က ၁၅ ရက်နေ့အထိ ပြုလုပ်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းစဉ်တွေမှာ အရင်က ပြည်ပ နိုင်ငံတွေရဲ့ နည်းပညာနဲ့ ငွေကြေးအကူအညီတွေရခဲ့ပေမယ့် အခုတော့ အဲဒီအကူအညီတွေ မရတော့ဘူးလို့ စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြီးခဲ့တဲ့ ဩဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်မှာပြုလုပ်ခဲ့တဲ့ အစည်းအဝေးမှာ ပြောကြားထားပါတယ်။
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမှုမှာတော့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) နဲ့ တခြား အလှူရှင်နိုင်ငံတွေက ငွေကြေးနဲ့ နည်းပညာ ပံ့ပိုးကူညီပေးခဲ့တာပါ။
ရွေးကောက်ပွဲ ကနဦးလုပ်ငန်းစဉ်ဖြစ်တဲ့ အိမ်ထောင်စုလူဦးရေစာရင်းကို စစ်ကောင်စီက အခုနှစ် ဇန်နဝါရီလထဲ နိုင်ငံတစ်ဝန်း ကောက်ယူခဲ့ပြီး ခုခံတိုက်ခိုက်မှုတွေနဲ့ ကြုံခဲ့ရပါတယ်။