နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ဖွယ်ရှိ
2011.11.13

ရန်ကုန်မြို့အပြင်ဘက် နယ်ဝေးထောင်တွေမှာ ထိန်းသိမ်းခံထားရတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ တချို့ကို လွှတ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။
စစ်မှန်တဲ့ အမျိုးသား ရင်ကြားစေ့ရေး အမှန်တကယ် ပေါ်ပေါက်လာဖို့ ဆိုရင် အစိုးရအနေနဲ့ ကျန်နေတဲ့ နိုင်ငံရေးအကျဉ်းသား အားလုံးကို တကြိမ်တည်းနဲ့ အပြီး လွှတ်ပေးသင့်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တက်ကြွလှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
မြင်းခြံထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျော် ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ မသက်သက်အောင်ရဲ့ မိခင် ဒေါ်စုစုကြည်ကတော့… သမ္မတဦးသိန်းစိန် အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဓားစားခံလို မလုပ်ဘဲ အားလုံး လွှတ်ပေးမယ်ဆိုရင် အလွန် ဝမ်းမြောက်မိမှာ ဖြစ်တယ်လို့ ပြောပါတယ်။
ဒီကနေ့ အစိုးရထုတ် သတင်းစာတွေမှာ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ကနေ နိုင်ငံတော်သမ္မတကို နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တင်ပြထားတဲ့ မေတ္တာရပ်ခံစာကို ဖော်ပြထားပါတယ်။
အရင်တကြိမ်ကလည်း လူ့အခွင့်အရေးကော်မရှင်ရဲ့ အခုလို မေတ္တာရပ်ခံစာ ထွက်ပေါ်လာပြီး နောက်တရက်မှာ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ အကျဉ်းသားတွေကို လွှတ်ပေးခဲ့ပါတယ်။ အဲဒါကြောင့် အခု ထွက်ပေါ်လာတဲ့ မေတ္တာရပ်ခံစာအပေါ် နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုတွေက မျှော်လင့်နေကြပါတယ်။