ဟင်္သာတက ကျေးရွာ ၁၀၀ ကျော် နှစ်ရက် အတွင်း ရေနစ်မြုပ်နိုင်
2015.09.14

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်က ကျေးရွာတစ်ရာကျော်မှာ နောက် ၂ရက်အတွင်း ရေဖုံးလွှမ်းနိုင်ကြောင်း သတိပေးထားပြီး တချို့ကျေးရွာတွေကို ပြောင်းရွှေ့နိုင်ဖို့ စီစဉ်နေပါတယ်။ ဧရာဝတီမြစ်ရေဟာ ဆက်လက်မြင့် တက်နေဆဲဖြစ်တဲ့အတွက် မြေနိမ့်တဲ့နေရာတွေက ကျေးရွာတွေကို ပြောင်းရွှေ့နိုင်အောင် သတိပေးကြေညာထား တယ်လို့ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းက ပြောပါတယ်။
"မိုးဇလက ဧရာဝတီမြစ်ရေဟာ ဟင်္သာတမြို့ကို ၄ လက်မခန့် စိုးရိမ်ချိန်အမှတ်အသီးသီးသို့ ကျော်လွန်နေပါ တယ်၊ နောက်နှစ်ရက်မှာ ၁ ပေခန့် ဆက်လက်တက်နိုင်မည် စိုးရိမ်ချိန်အမှတ်မှာ ဆက်လက်တည်ရှိနိုင်ပါတယ် ဆိုတဲ့ဟာတွေကို အမြဲတမ်းပို့ပေးပါတယ်၊ ကျနော်တို့သိတာနဲ့ မြို့နယ်ထဲမှာရှိတဲ့ အနိမ့်ပိုင်းမှာနေတဲ့ တာအပြင် မှာနေတဲ့ ရွာတွေကို ကျနော်တို့က သတိပေးအမိန့်တွေကို ထုတ်ပေးနေတာပါ"
ဟင်္သာတမြို့နယ်အတွင်းမှာ ဧရာဝတီမြစ်ရေကို ကာထားတဲ့တာတွေရဲ့ အပြင်ဘက်မှာ ကျေးရွာ တစ်ရာကျော်ရှိ ပြီး မြစ်ရေမြင့်တက်နေဆဲဖြစ်တဲ့အတွက် အဲ့ဒီကျေးရွာတွေဟာ စိုးရိမ်ရတယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါ တယ်။ ဒါ့အပြင် ပြောင်းရွှေ့လာမယ့် ဒေသခံတွေအတွက် ကယ်ဆယ်ရေးစခန်း ၂၈ ခု ဖွင့်လှစ်ထားတယ်လို့ သိရပါတယ်။ ဟင်္သာတမြို့နယ်မှာ ဒုတိယအကြိမ်ရေကြီးတာဖြစ်ပြီး ရေဖုံးလွှမ်းခံရနိုင်တဲ့ ကျေးရွာတစ်ရာကျော်မှာ လူဦးရေ ၄၀၀၀၀ ကျော် ရှိပါတယ်။
ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဟင်္သာတမြို့နယ်အပြင် မြန်အောင်၊ ဇလွန်၊ အင်္ဂပူ၊ ကြံခင်း၊ လေးမျက်နှာမြို့ တို့မှာလည်း စိုးရိမ်ရတဲ့အခြေအနေရှိပြီး လက်ရှိ မြန်အောင်မြို့နယ်မှာ အိမ်ထောင်စု ၃၃ စု ကို ကယ်ဆယ်ရေးစခန်း မှာ နေရာချထားတယ်လို့ သိရပါတယ်။