အထွေထွေရွေးကောက်ပွဲ မူလ သတ်မှတ်ရက်အတိုင်း နိုဝင်ဘာ ၈ မှာ ကျင်းပမည်
2015.10.13

နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲရက်ကို မရွှေ့ဆိုင်းတော့ဘဲ မူလသတ်မှတ်ရက်အတိုင်း ကျင်းပသွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပဖို့ သတ်မှတ်ထားတဲ့ ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်းလိုကြောင်း နိုင်ငံရေးပါတီ ၇ ပါတီက ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ မနက် ၁ဝ နာရီက တွေ့ဆုံစဉ် ပြောကြားခဲ့ပါတယ်။
အဲ့ဒီနောက် ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းခဲ့ရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးအပြစ်တွေနဲ့ပတ်သက်လို့ ရွေးကောက်ပွဲ ဆိုင်ရာ စေ့စပ်ညှိနှိုင်းရေး ဗဟိုကော်မတီအဖွဲ့ဝင်တွေရဲ့ တင်ပြချက်တွေကို လေ့လာသုံးသပ်ပြီးနောက် အခုလို သတင်းထုတ်ပြန်လိုက်တာလို့ ဆိုပါတယ်။
တိုင်းဒေသကြီးနဲ့ ပြည်နယ်အတော်များများမှာ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရတဲ့အတွက် ရွေးကောက်ပွဲရက် ကို ရွှေ့ပြောင်းသင့်၊ မသင့် နိုင်ငံရေးပါတီတွေ စဉ်းစားလို့ရအောင် ခေါ်ပြောတာဖြစ်တယ်လို့ ပါတီတွေနဲ့ ဆွေးနွေး ပွဲအပြီးမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက သတင်းမီဒီယာတွေကို ပြောကြားခဲ့ ပါတယ်။
"အခုချိန်ထိလည်း သဘာဝဘေးအန္တရာယ်တွေ သင့်နေပါတယ်၊ တိုင်းနဲ့ ပြည်နယ်တော်တော်များများမှာ သဘာဝဘေးအန္တရာယ်ရှိနေတဲ့အတွက်လည်း တစ်ချက်စဉ်းစားတာပေါ့လေ၊ ဘာကြောင့်လဲဆိုတော့ သဘာဝဘေးအန္တရာယ် ကြုံတွေ့နေရတဲ့အချိန်မှာ လုပ်သားပြည်သူများ စိတ်အေးချမ်းသာစွာ ရွေးကောက်ပွဲမှာ မဲပေးနိုင်ပါ့မလား၊ ထို့အတူပဲ ပါတီအသီးသီးအနေနဲ့လည်း မဲဆွယ်စည်းရုံးခွင့်ရပါ့မလား၊ အဲ့ဒါတွေချိန်ဆပြီးနောက်ပိုင်းမှာ ရွေးကောက်ပွဲ ရွှေ့သင့်တယ်၊ မရွှေ့သင့်ဘူးဆိုတာ စဉ်းစားနိုင်အောင် ဒီနေ့ ပါတီတွေကို ခေါ်ပြီးတော့ တွေ့တာပါ"
ရွေးကောက်ပွဲရက် ရွှေ့ဆိုင်းမယ့်အပေါ် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီတစ်ခုတည်းကသာ ကန့်ကွက် ခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေး ပါတီတို့က ထောက်ခံခဲ့တယ်လို့ သိရပါတယ်။
အဲ့ဒီတေ့ွဆုံပွဲအတွက် နိုင်ငံရေးပါတီ ၁ဝ ပါတီကို ဖိတ်ကြားခဲ့ရာ ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ၊ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖံ့ွဖြိုးတိုးတက်ရေးပါတီ စတဲ့ နိုင်ငံရေးပါတီ ၇ ပါတီက တက်ရောက်ခဲ့ပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ကချင်၊ ကရင်၊ ရှမ်း၊ မွန်၊ ပဲခူး စတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၅ ခုအတွင်းက ကျေးရွာအုပ်စု ၄ဝဝ နီးပါးမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်မှာ မဟုတ်တာကြောင့် အဲ့ဒီနေရာတွေမှာ မကျင်းပတော့ကြောင်း မနေ့က ကြေညာထုတ်ပြန်ခဲ့ပါတယ်။