ငြိမ်းချမ်းရေးအပေါ် အစိုးရနဲ့ တပ်မတော်တို့ ဘုံသဘောတူညီချက်လိုအပ်တယ်လို့ KNU ပြော


2019.05.12
nca-s-eao-meeting-622.JPG NCA-S EAO အလုပ်အဖွဲ့ အစည်းအဝေးကို ၂ဝ၁၉ ခုနှစ် မေလ ၉ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပစဉ်
Photo: Myo Win

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ချမှတ်မယ့်မူဝါဒတွေနဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်မယ်ဆိုတဲ့ ကိစ္စတွေကို အစိုးရနဲ့ တပ်မတော်ကြားမှာ ဘုံသဘောတူညီချက်တွေ ချမှတ်ထားဖို့လိုအပ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး KNU က ပြောလိုက်ပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မေလ ၁၄ ရက်နေ့ စတင်ကျင်းပမယ့် အပစ်ရပ်တိုင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ PPST အစည်းအဝေးနဲ့ ပတ်သက်ပြီး RFA က ဒီနေ့ ဆက်သွယ်မေးမြန်းရာမှာ KNU အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောလိုက်တာဖြစ်ပါတယ်။

အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ ရှေ့ဆက်မရ အတားအဆီးဖြစ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်တည့်မတ်ဖို့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြားမှာ ဘုံသဘောတူညီချက်ရဖို့ PPST အစည်းအဝေးမှာ ဆွေးနွေးမှာဖြစ်ပြီး အစိုးရနဲ့ တပ်မတော်အနေနဲ့လည်း ဘုံသဘောတူညီချက်တွေ ရရှိထားဖို့လိုအပ်ကြောင်း ပဒိုစောတာဒိုမူးက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထားကို သိနိုင်ဖို့ RFA ဆက်သွယ်မေးမြန်းရာမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ မသွားခင်မှာ အစိုးရနဲ့ တပ်မတော်တို့ကြား သဘောတူညီချက် ရယူခဲ့တာတွေရှိတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

KNU အနေနဲ့ တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ပါဝင်ဆောင်ရွက်တာကို ရပ်ဆိုင်းထားပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်ပြင်ဆင်ပြီး ဖက်ဒရယ်ပြည်ထောင်စုကိုသွားတဲ့နေရာမှာ အဆင့် ၄ ဆင့်နဲ့ သွားသင့်ကြောင်း အစိုးရနဲ့ တပ်မတော်ဘက်ကို အဆိုပြုလွှာတစ်ခုကို ပေးပို့ထားတာရှိပါတယ်။ အဲဒီအဆိုပြုလွှာဟာ PPST အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြားထဲမှာ သဘောတူညီမှု ယူထားပြီးသားဖြစ်ကြောင်းလည်း ပဒိုစောတာဒိုမူးက ပြောပါတယ်။

PPST အစည်းအဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မေလ ၁၄ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပမှာဖြစ်ပြီး အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင် အားလုံးတက်ရောက်ဖို့ရှိပြီး PPST ရဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်ဖို့ကိစ္စတွေကိုလည်း ဆွေးနွေးဖို့ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

PPST အဖွဲ့ကို NCA လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁ဝ ဖွဲ့ဖြစ်တဲ့ KNU၊ KNLA/PC၊ DKBA၊ RCSS၊ PNLO၊ ALP၊ ABSDF၊ CNF၊ LDU နဲ့ NMSP အဖွဲ့က တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ဒီသတင်းကို RFA  သတင်းထောက် ကိုကျော်ထွန်းနိုင် ပေးပို့လိုက်တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။