ရခိုင်မှာ နိုင်ငံရေးဆွေးနွေး ပွဲ တောင်းဆိုဖို့ အပစ်ရပ်အဖွဲ့တွေ ဆုံးဖြတ်
2017.05.13

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစု ဒုတိယအကြိမ် အစည်းအဝေး မတိုင်ခင် ရခိုင်ပြည်နယ်မှာ အမျိုးသား အဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပပေးဖို့အတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ထံ စာရေးတောင်းဆိုသွားမယ်လို့ ဒီကနေ့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပ ခဲ့တဲ့ အပစ်ရပ် ၈ ဖွဲ့ ထိပ်သီးခေါင်းဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်ခဲ့ကြပါတယ်။
ဒီလိုတောင်းဆိုရတာဟာလည်း ၂၁ ပင်လုံ ဒုတိယအကြိမ် အစည်းအဝေးမကျင်းပမီ ရခိုင်ပြည်သူတွေရဲ့ သဘောဆန္ဒတွေကို ရယူနိုင်ဖို့အတွက်ဖြစ်တယ်လို့ ရခိုင်လွတ်မြောက်ရေးပါတီ ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဦးခိုင်စိုးနိုင်အောင် ကပြောပါတယ်။
"PPST အဖွဲ့ဝင် ၈ ဖွဲ့က လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်တယ်၊ လက်မှတ်ထိုးထားတဲ့ အဖွဲ့ဖြစ်တော့ လက်မှတ်ထိုးထားတဲ့အဖွဲ့ ၈ ဖွဲ့ရဲ့ ဆန္ဒသဘောထားကို PPST အဖွဲ့ဝင်တစ်ဖွဲ့မှာ အခက်အခဲ ဖြစ်လာ လို့ရှိရင် ဆန္ဒသဘောထားကို စုပေါင်းဖော်ထုတ်ပြတယ်ဆိုတဲ့ ပုံစံမျိုးကို လိုချင်တဲ့အပေါ်မှာ အစည်း အဝေးကျင်းပဖို့ အရေးပေါ် အစည်းအဝေး ခေါ်ရတာဖြစ်တယ် ဆိုတော့ ခွင့်ပြုတာ မပြုတာကတော့ အဲဒီအစိုးရနဲ့ တပ်မတော်တာဝန်ပဲ၊ ကျနော်တို့က NCA ပြဌာန်းချက်နဲ့အညီ အမျိုးသားအဆင့် ဆွေးနွေးပွဲ လုပ်ပြီးခါမှ UPC ကျင်းပရမယ်ဆိုတာ အခန်း ၅ ပုဒ်မ ၂၀ (ဂ) မှာ ဖေါ်ပြထားတယ်၊ အဲဒီအတိုင်း ပြည် သူတွေကို ဖော်ပြတာဖြစ်တယ်။"
အစည်းအဝေးမှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အဖွဲ့ကနေပြီး NCA မူဘောင်မှာပါရှိတဲ့ အမျိုးသား အဆင့် ဆွေးနွေးပွဲများ ကျင်းပခြင်းဆိုတဲ့ အချက်အတိုင်း ရခိုင်ပြည်နယ်မှာ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့် မရသေးတဲ့အပေါ် PPST အဖွဲ့ကို စာရေးတင်ပြခဲ့ပြီး ထိပ်သီးခေါင်းဆောင်များအနေနဲ့ ကျင်းပခွင့်ရရေး ရှင်းလင်းပြောဆိုဆွေးနွေးခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS အဖွဲ့ကလည်း ရှမ်းပြည်နယ်အတွင်း ရှမ်းလူမျိုးများ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရသေးတဲ့ အခြေအနေတွေနဲ့ ချင်းအမျိုးသားတပ်ဦး CNF အဖွဲ့ကလည်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်အရ ပူးတွဲစောင့်ကြည့်ရေးကော်မတီ ဖွဲ့စည်းခွင့်မရသေးတဲ့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
တဆက်တည်းမှာပဲ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှာ ဆွေးနွေးခဲ့ကြတဲ့ ကဏ္ဍ ကြီး ၅ ခုနဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ ကိုင်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲခွင့်ကိစ္စတွေကိုလည်း ပြန်ဆွေးနွေးခဲ့ ကြသလို ၂၁ ရာစု ပင်လုံ ဒုတိယအကြိမ် အစည်းအဝေး တက်ရောက်ရေးကိစ္စတွေနဲ့ ကြားကာလ အစီအစဉ်များ ဆိုင်ရာကော်မတီ IAC ရဲ့ လုပ်ငန်းကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ EAO PPST အဖွဲ့ဟာ ၂၀၁၆ ခုနှစ် မတ်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၈ ဖွဲ့ရဲ့ ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို နိုင်ငံရေးအရ ဦးဆောင်မှု ပေးနိုင်ဖို့အတွက် ဖွဲ့စည်းခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။