အပစ်ရပ်အဖွဲ့တွေ သဘောထားကွဲလွဲတဲ့သတင်း ထွက်ပေါ်


2019.05.17
ppst-meeting-622.jpg ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ NCA အပစ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ အစည်းအဝေးကို ၂ဝ၁၉ ခုနှစ် မေလ ၁၇ ရက်နေ့က တွေ့ရစဉ်
Photo: Aung Moe Myint/RFA

အစိုးရနဲ့ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကိုပုံစံပြောင်းဖို့ ဒီကနေ့ ဆွေးနွေးရာမှာ သဘောထားကွဲလွဲခဲ့ပြီး KNU က PPST ကနေ နုတ်ထွက်လိုက်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ထိုင်းနိုင်ငံချင်းမိုင်မြို့မှာ ကျင်းပနေတဲ့ NCA အပစ်ရပ်စဲထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ စတုထ္တအကြိမ်မြောက် ထိပ်သီးအစည်းအဝေး လေးရက်မြောက်နေ့မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ညှိနှိုင်းတိုင်ပင်ခြင်းအစည်းဝေး PPCM အဖြစ် စုဖွဲ့မှုပုံစံပြောင်းလဲဖို့ အဓိကထားဆွေးနွေးခဲ့ကြရာမှာ သဘောထားကွဲလွဲကြတာလို့ ပြောကြပါတယ်။

PPST အမည်နဲ့ ဆက်လက်ရပ်တည်ပြီး နိုင်ငံရေးဆွေးနွေးမှုတွေမှာ ဦးဆောင်မှုအပြည့်အဝနဲ့ အစိုးရနဲ့နှစ်ဖက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပိုမိုဆွေးနွေးနိုင်မယ်လို့ ယုံကြည်တဲ့အဖွဲ့အစည်းတွေရှိသလို PPCM လို ပြောင်းလဲဖွဲ့စည်းရင် ရှေ့ဆက် ငြိမ်းချမ်းရေးဆွေးနွေးမှုတွေမှာ ပိုမိုအားနည်းသွားနိုင်တယ်ဆိုတဲ့ အမြင်တွေလည်း တိုင်းရင်းသားခေါင်းဆောင်တွေ အကြားအမြင်မတူဘဲ ဖြစ်နေကြတာဖြစ်ပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းအထိ ဆွေးနွေးပွဲမှာတော့ PPST အတိုင်းဆက်လက်ထားရှိဖို့ သဘောထားပေးသူတွေရှိသလို ညီညီညွတ်ညွတ်နဲ့ ဘယ်လိုဆက်သွားမလဲဆိုတဲ့ နည်းလမ်းကို တိုင်းရင်းသားခေါင်းဆောင်တွေအကြား အပြန်အလှန် ငြင်းခုန်နေဆဲဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အဖွဲ့ကတော့ ဒီထိပ်သီးအစည်းအဝေးမှာ PPST ကနေ နုတ်ထွက်ကြောင်း တရားဝင် စာပေးပို့ထားတယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်လို့တော့ ထိပ်သီးအစည်းအဝေး မပြီးဆုံးသေးတာကြောင့် သီးခြားအတည်ပြုခွင့် မရရှိခဲ့ပါဘူး။

လောလောဆယ်မှာတော့ PPST နာမည်နဲ့ ဆက်သွားမသွားဆိုတဲ့အပေါ် တိုင်းရင်းသားခေါင်းဆောင်တွေအကြား အမြင်သဘောထားတွေ တင်ပြနေကြဆဲဖြစ်တယ်လို့လည်း သိရပြီး မေလ ၁၈ ရက်နေ့ မနက်ဖြန်မှာ ဆုံးဖြတ်သွားကြမှာဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် ဦးအောင်မိုးမြင့် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။