PR စနစ် ကန့်ကွက်လက်မှတ်တွေ လွှတ်တော်ထံ တင်ပြမည်
2014.09.09

PR ခေါ် အချိုးကျကိုယ်စားပြု ရွေးကောက်ပွဲစနစ်ကို ကန့်ကွက်တဲ့လက်မှတ်တွေကို ပြည်ထောင်စု လွှတ်တော်ထံတင်ပြဖို့ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက်က ရန်ကုန်တိုင်းဒေသကြီး မြို့နယ် ၁၅ မြို့နယ်မှာ ဒီနေ့ လိုက်လံစုဆောင်းခဲ့ပါတယ်။
မြို့နယ်တွေမှာ ကောက်ခံရရှိတဲ့ လက်မှတ်ပေါင်း သုံးထောင်နီးပါးလောက်ကို ဒီလ ၁၁ ရက်နေ့မှာ ပေးပို့ မှာဖြစ်တယ်လို့ ပြည်သူ့လှုပ်ရှားမှုမြှင့်တင်ရေး ကွန်ရက် အထွေထွေအတွင်းရေးမှူး ကိုမြတ်ကျော် က ပြော ပါတယ်။
"ရရှိတဲ့လက်မှတ်အကုန်လုံးကို ပြည်ထောင်စု လွှတ်တော်ကို မူရင်းတွေ ၁၁ ရက်နေ့ ကို ရောက်အောင်ပို့မယ်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်သူ့လွှတ်တော်ကို တိုင်းရင်းသားပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို အဲ့ဒီမိတ္တူကူးပြီးတော့မှပို့မှာပေါ့၊ PR စနစ်ကို တိုင်းသူပြည်သားတွေ က လက်မှတ်ထိုးပြီးတော့ ကန့်ကွက်ထားတယ်ပေါ့၊ PR ကိုတိုင်းရင်းသား လူမျိုးစုတွေကလည်း လက်မခံသေးပါဘူး၊ အခု ပြည်သူကလည်းကန့်ကွက်နေပါတယ်၊ အဲ့ဒီတော့ PR စနစ်ကိုလွှတ်တော် မှာတင်သွင်းတာတွေကို ချက်ချင်းရပ်ပေးဖို့ တောင်းဆိုချင်တယ်"
အဲ့ဒီ လက်မှတ်တွေကို ဒဂုံမြို့သစ်၊ ဒဂုံဆိပ်ကမ်း၊ ကျောက်တံတား၊ ပန်းဘဲတန်း၊ ဒေါပုံ၊ သာကေတ၊ စတဲ့ မြို့နယ် ၁၅ မြို့နယ်မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၉ ရက်နေ့ကစပြီး မနေ့က အထိ ၁၁ ရက်ကြာ ကောက်ခံခဲ့တာ ဖြစ်ပါတယ်။